ဖမ်းဆီးခံထားရသည့် မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်၏ အသက်အန္တရာယ် အထူးစိုးရိမ်နေရ

ဖမ်းဆီးခံထားရသည့် မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်၏ အသက်အန္တရာယ် အထူးစိုးရိမ်နေရ
ဧပြီ 12, 2022 | အခြားဒေသများ

 အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကို ခံထားရသည့်  မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်၏ အသက်အန္တရာယ် အထူးစိုးရိမ်နေရကြောင်း မန္တလေးသပိတ်အင်အားစုက ဧပြီလ(၁၁)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

"အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ သပိတ်ခေါင်းဆောင် ကိုသူရအောင်ဟာ ဖမ်းဆီးခံရချိန်ကနေ ယနေ့ထိ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရှေ့နေများနဲ့ လုံးဝ အဆက်အသွယ် မရသေးပါဘူး။ ကိုသူရအောင်ဟာ ယခုအချိန်ထိ မန္တလေးအိုးဘိုအကျဉ်းထောင်ထဲကိုလည်း မရောက်သေးဘူးလို့ သိရပါတယ်။"ဟု မန္တလေးသပိတ်အင်အားစုက ဆိုသည်။

မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့က ဖမ်းဆီးသွားပြီး ယနေ့ ဧပြီလ(၁၂)ရက်နေ့အထိ မိသားစုဝင်များ၊ မိတ်ဆွေများအပြင် ရှေ့နေများနှင့်ပါ လုံးဝ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

"ကိုသူရအောင် အပါအဝင် အဓမ္မဖမ်းဆီးခံထားရသူ အားလုံးအတွက် ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ကျနော်တို့အနေနဲ့ အလွန်အမင်း စိုးရိမ်နေကြပါတယ်။"ဟု  မန္တလေးသပိတ်အင်အားစုက ဆိုသည်။

ဖမ်းဆီးခံထားရသည့် ကိုသူရအောင်၏ အသက်ဘေး အခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အမြန်ဆုံး အဆက်အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေများ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများ အပါအဝင် တတ်စွမ်းနိုင်သူများအနေဖြင့် အရေးပေါ်ကြားဝင် ကူညီဆောင်ရွက်ပေးပါရန် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC - Mandalay) နှင့်  မန္တလေးသပိတ်အင်အားစု အလေးအနက် အကူအညီ တောင်းခံထားရှိသည်။

ဖမ်းဆီးခံထားရပြီး (၂)လကျော်အကြာ သတင်းအစ အန ပျောက်နေသည့် မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်ကို အာဏာသိမ်းအကြမ်းဖက် စစ်တပ်က စစ်ကြောရေးတွင် စစ်ဆေးထားမှုများကြောင့် အသက်အန္တရာယ် ရှိနေပြီး အချို့သတင်းများက ကျဆုံးသွားပြီဟု  သတင်းများ ထွက်ပေါ်နေသော်လည်း ကိုသူရအောင် နှင့် ပတ်သက်၍ အာဏာသိမ်းအဖွဲ့က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။