လောင်းလုံးမြို့နယ်အတွင်း ကင်းပုန်းဝပ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရကာ တစ်ဦးသေပြီး လက်နက်နှင့် ကျည်များ သိမ်းဆည်းရရှိ

လောင်းလုံးမြို့နယ်အတွင်း ကင်းပုန်းဝပ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရကာ တစ်ဦးသေပြီး လက်နက်နှင့် ကျည်များ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကင်းပုန်းဝပ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်ရာ တစ်ဦးသေပြီး လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဇွန်လ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။



ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၁)ရက်နေ့က လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ရွာနှင့် သဘော့ဆိပ်ရွာကြား လမ်းပိုင်တွင် ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများအနက် နောက်ကျ ကျန်နေရစ်သည့် (၃)ဦးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေပြီး MA 3 (၁)လက်၊ ကျည်(၃၁၇)တောင့်၊ ကျည်ဘောက်(၄)ခု၊ ကျည်ကာ တစ်ခုနှင့် ဘေးအိတ်တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။



စစ်ကောင်စီတပ်သည် မြို့နယ်အတွင်း အလုံးအရင်းဖြင့် ရောက်ရှိလာပြီး ခရီးသွားပြည်သူများကို တားဆီးစစ်ဆေးခြင်း၊ ငွေကြေးနှင့် ရိက္ခာများအတွက် သိမ်းဆည်းရယူခြင်းများရှိသည်ဟု ဆိုသည်။



ထို့ကြောင့် ပြည်သူများအနေဖြင့် လောင်းလုံးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သားများ၊ ၎င်းတို့ စီးလာသည့် ကား၊ ဆိုင်ကယ်များ ၊ ပျူစောထီးများနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်လည်း အသိပေးထားသည်။



#TachileikNewsAgency

Photo: လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့