မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောင်ပြိုကျကာ လမ်းပျက်စီးပြိုကျ

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောင်ပြိုကျကာ လမ်းပျက်စီးပြိုကျ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့ နံနက်ပိုင်းက တောင်ပြိုမှုကြောင့် လမ်းပြိုကျပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး တောင်ပတ်လမ်း၊ တောနော်ရေတံခွန်အနီးတွင် တောင်ပြိုကျခြင်းကြောင့် လမ်းပေ(၁၀၀)ခန့် ပြိုကျပျက်စီးပြီး မြဝတီ-ကော့ကရိတ်သွာလာရေး လမ်းပိုင်းများ အဆက်အသွယ် ပြတ်တောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

မြေပြိုကျသည့်နေရာတွင် ကားနှင့် လူထိခိုက်မှုရှိနေသဖြင့် ကော့ကရိတ်အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်းလည်း ကနဦးသတင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစတင်ကာ ယနေ့ ဩဂုတ်လ(၇)ရက်နေ့အထိ ကရင်ပြည်နယ်၊ မြဝတီမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာသဖြင့် နေအိမ်အများအပြားနစ်မြှုပ်ကာ ရေဘေးရှောင် ယာယီကယ်ဆယ်ရေးစခန်း (၅)ခု ဖွင့်လှစ်ခဲ့ရသည်။

လက်ရှိ အိမ်ထောင်စု(၁၇၆)စုမှ အမျိုးသား(၃၇၆)ဦးနှင့် အမျိုးသမီး(၄၁၆)ဦး စုစုပေါင်း (၇၉၂)ဦး ရေဘေးရှောင်နေရဆဲဖြစ်သည်။

#TachileikNewsAgency

Photo-Ah Ngal Lay