ထိုင်းနိုင်ငံ မဲဆောက်တွင် ဟင်းသီးဟင်းရွက်များ တင်ဆောင်လာသော ကားအတွင်း ပုန်းအောင်း လိုက်ပါလာသည့် မြန်မာ(၂၀)ဦး ဖမ်းခံရ

ထိုင်းနိုင်ငံ မဲဆောက်တွင် ဟင်းသီးဟင်းရွက်များ တင်ဆောင်လာသော ကားအတွင်း ပုန်းအောင်း လိုက်ပါလာသည့် မြန်မာ(၂၀)ဦး ဖမ်းခံရ
သြဂုတ် 4, 2023 | အလုပ်သမားရေးရာ

ထိုင်း - မြန်မာ နယ်စပ်ဒေသ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် အမှတ်(၆)ကျေးရွာအုပ်စုအတွင်း ထိုင်းနိုင်ငံသို့ အလုပ်အကိုင် သွားရောက် လုပ်ကိုင်ရန်အတွက် ဟင်းသီးဟင်းရွက်ကားအတွင်း ပုန်းအောင်းကာ တရားမဝင်နည်းဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား (၂၀)ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

မဲဆောက်ရှိ ဘွန်ဟွေဟင်ဖွန်စစ်ဆေးရးဂိတ်မှ ပူးပေါင်းအဖွဲ့က ၂၀၂၃ခုနှစ် ဩဂုတ်လ(၃)ရက်နေ့၏ ည(၁၁)နာရီခွဲဝန်းကျင်အချိန်တွင် ဟင်းသီးဟင်းရွက်များ သယ်ဆောင်လာသည့် ကားအား စစ်ဆေးရာမှ ကား၏ အလယ်တွင် ပုန်းအောင်း လိုက်ပါလာသည့် မြန်မာများကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း နှင့် ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာကြသူများဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ထိုင်းလဝက သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရေးအဖွဲ့က တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ပို့ဆောင်ပေးသည့် အသက်(၃၇)နှစ်အရွယ်ရှိ ထိုင်းယာဉ်မောင်း နှင့်အတူ မြန်မာနိုင်ငံသား (၂၀)ဦးကို ဖမ်းဆီးပြီး  မဲဆောက်ရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ယခုလို ဖမ်းဆီးခံရသူများသည့် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရပြီးနောက် မြန်မာဘက်သို့ ပြန်လည် လွဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

 

Photo: ตม.ตาก