ခင်ဦးတွင် စစ်ကောင်စီတပ်များ မီးရှို့ခြင်းကြောင့် နေအိမ် ၆၀၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားသောင်းချီ ထွက်ပြေးနေရ

ခင်ဦးတွင် စစ်ကောင်စီတပ်များ မီးရှို့ခြင်းကြောင့် နေအိမ် ၆၀၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားသောင်းချီ ထွက်ပြေးနေရ
စက်တင်ဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်ပြီး ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့များ မီးရှို့မှုကြောင့် ကျေးရွာ(၇၉)ရွာမှ အိမ်ခြေ(၆၀၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့များသည် ခင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း(၇၉)ရွာမှ အိမ်ခြေ(၆၀၅၀)ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား (၁၅၆)ဦး ဖမ်းဆီးခံရကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် အရပ်သား(၂၅၈)ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု(၂)ကြိမ်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အဖြစ် ပေါက်တုံ၊ ဝန်းကြီးမှ ဒေသခံ(၉)ဦးနှင့် အလယ်ရှိုမှ ဒေသခံ(၇)ဦးတို့ကို သတ်ဖြတ်မှု (၂)ကြိမ် ကျူးလွန်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များသည် ရွာသစ်ကုန်းရွာ၊ အင်းပတ်ကွေ့ဈေးတန်း၊ မြင်းဒေါင်းအရှေ့ မူးတိမ်ချောင်းတံတား၊ ပျဥ်ထောင်ရွာ၊ မဒေါင်းလှရွာ၊ မကျီးတုံရွာနှင့် ခင်ဦးမြို့ပေါ်ရှိ ရဲစခန်း၊ ဆေးရုံနှင့် မင်းသိုက်တို့တွင် တပ်စွဲထားကြောင်း သိရသည်။ 

အဆိုပါစစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာများနှင့်အနီးမှ ရွာများနှင့် စစ်ကောင်စီတပ်များ မီးရှို့မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်  ကျေးရွာ(၂၇)ရွာရှိပြီး စစ်ရှောင်ဦးရေ သောင်းချီရှိနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။

#TachileikNewsAgency

Photo : ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး