ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၁၂)ဦးနှင့် သံဃာတစ်ပါးပျံလွန်ကာ အများအပြားဒဏ်ရာရ

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၁၂)ဦးနှင့် သံဃာတစ်ပါးပျံလွန်ကာ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇွန်လ(၂၇)ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော်တစ်ပါးနှင့် အရပ်သား (၁၂)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညောင်ကုန်းကျေးရွာမှ အရပ်သား(၁၁)ဦးနှင့် သံဃာတစ်ပါး ပျံလွန်တော်မူပြီး အရပ်သား (၁၀)ဦး ဒဏ်ရာရကာ (၂)ဦးစိုးရိမ်ရသည်ဟု သိရသည်။အဆိုပါ တိုက်ခိုက်မှုကြောင့် လူ‌နေအိမ် (၁၄)လုံးနှင့် ဘုန်းကြီးကျောင်းဆောင် တစ်ဆောင်တို့လည်း ပြိုကျပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ချင်ပြစ်ကျေးရွာ အနောက်ဘက် မြောက်ယမားဆည်အနီးရှိ ပရဟိတဆေးကုသမှုပေးနေသည့် ရှင်းလင်းဆောင်လည်း ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပြီး တစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညောင်ကုန်းကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ဦးဇင်းဦးခေမာနှင့် အသက်(၁၈)နှစ်အရွယ် မဟန်နီဇော်တို့ အပါအဝင် ဦးမင်းစိုး (ယင်းမာပခရိုင် အမှတ်၁၀ တပ်ရင်းမှ ရဲဘော်)၊ ဦးကျော်မြင့်ဝင်း၊ ဦးစိုးကြီး၊ ဦးဇော်လင်း၊ ဦးသန်းဆောင်၊ ဦးဝင်းအောင်၊ ဒေါ်တင်ညွန့်နှင့် ဒေါ် မြင့်မြင့်နွယ်တို့ သေဆုံးခဲ့ရကြောင်း သိရသည်။ထို့အပြင် အသက်(၁၀)နှစ်အရွယ် မောင်နေဝင်းတင့် အပါအဝင် ဒေါ်ဌေးနိုင်၊ ဒေါ်ဌေးရီ၊ ဒေါ်သင်းသင်းဆွေ၊ ဒေါ်ယဉ်ယဉ်သင်း၊ ဦးကျော်ဝင်း၊ ဒေါ်ဆယ်မိ၊ ဒေါ်ဝင်း၊ မဂျမ်းနှင့် ဒေါ်ဝင်းနုတို့မှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ချင်ပြစ်ကျေးရွာတိုက်ခိုက်ခံရမှုတွင် အသက်(၄၄)နှစ်အရွယ် ဒေါ်လှကြည် သေဆုံးခဲ့ရပြီး အသက် (၂၁)နှစ်အရွယ် မနုနုထွေး ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က ယနေ့ ဇူလိုင်လ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

#TachileikNewsAgency

Photo : ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့