ဖောင်းပြင်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ၂ဦးသတ်ဖြတ်ခံရ

ဖောင်းပြင်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ၂ဦးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့ ကော်ကမ်းကျေးရွာကို လေကြောင်းပစ်ကူဖြင့် စစ်ကောင်စီတပ်နှင့် ရှမ်းနီ(SNA)တပ်များ စစ်ကြောင်းထိုးလာရာမှ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ကျဆုံးမှုရှိခဲ့ကာ အရပ်သား (၂)ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ခလရ (၂၇၂)နှင့် ရှမ်းနီ(SNA)ပူးပေါင်းစစ်ကြောင်းသည် အင်အား(၁၀၀)ဝန်းကျင်ဖြင့် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ (၂၈)ရက်နေ့က စတင်ပြီး ဖောင်းပြင်မြို့မှတဆင့် ကော်ကမ်းကျေးရွာသို့ လေကြောင်းပစ်ကူဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

ယင်းနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် လေယာဉ် (၂)စီးဖြင့် မိနစ်(၂၀)ခန့် ပစ်ခတ်ဗုံးကြဲပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့ပြီး လေယာဉ်ပစ်ကူဖြင့် ထိုးတက်လာသော စစ်ကောင်စီတပ်သားများ မိုင်းများထိပြီး ထိခိုက်ဒဏ်ရာရသူများခဲ့ကြောင်း သိရသည်။

ဇွန်လ(၂၉)ရက်နေ့တွင် စစ်ကောင်စီတပ် ခမရ (၃၀၉)မှ စစ်ကူ ရောက်လာပြီးနောက် နေ့လည်ပိုင်းတွင် လေယာဉ် (၂)စီးဖြင့် မိနစ် (၃၀)ခန့် ပစ်ခတ်ဗုံးကြဲခဲ့ရာ တိုက်ပွဲ ထပ်မံပြင်းထန်ခဲ့ကြောင်း သိရသည်။

အထိနာသည့်စစ်ကောင်စီတပ်သည် ယင်းနေ့ ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀)ဗုံးသီး (၂)လုံး လာရောက် ဗုံးကြဲခဲ့သည့်အပြင် လက်နက်ကြီးဖြင့်ပါပစ်ခတ်ပြီးနောက် အထိနာသည့် စစ်ကောင်စီတပ်သည် မနေ့က ဇွန်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် ဖောင်းပြင်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

နှစ်ရက်တာ တိုက်ပွဲအတွင်း အရပ်သား(၂)ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး PDFရဲဘော် တစ်ဦးနှင့် ပ.က.ဖ ရဲဘော် တစ်ဦးတို့ ကျဆုံးခဲ့ရကြောင်း ဟုမ္မလင်း PDFက ယနေ့ ဇူလိုင်လ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Homalin People's Defence Force - HPDF