ဝက်လက်တွင် စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ မီးသတ်ရုံး ပြိုကျပြီး အရပ်သားများ ထိခိုက်မှုရှိ

ဝက်လက်တွင် စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ မီးသတ်ရုံး ပြိုကျပြီး အရပ်သားများ ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း ဝက်လက်မြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲရာ မီးသတ်ရုံးပြိုကျပြီး ရပ်သားများလည်း ထိခိုက်မှုရှိကြောင်း သိရသည်။

လေယာဉ်ဖြင့် ဗုံး(၁၀)လုံးကျော် ကြဲချခဲ့သည့်အပြင် စက်လက်အကြီးနှင့်လည်း ပစ်ခတ်ခဲ့ခြင်းကြောင့် ဝက်လက်မြို့ အနောက်ဖက်မြို့အထွက်ရှိ မီးသတ်ရုံးလည်း ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။ 

အဆိုပါ မီးသတ်ရုံးအတွင်း၌ ဒဏ်ရာရ စစ်ကောင်စီတပ်သားများ ရှိနေသည့်အပြင် အနီးပတ်ဝန်းကျင်တွင် ဌာနဆိုင်ရာ စုပေါင်းရုံးနှင့် ကြံဖွံ့ရုံးတို့လည်း ရှိ‌သည်ဟုဆိုသည်။ 

ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်း ဝက်လက်မြို့နယ် နယ်လိမ်ပင်နှင့် ခေါတောကြားကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ လိမ်ပင်ကားလမ်းပေါ်သို့ (၂)လုံး၊ ရွာအနောက်ဘက်တွင် တစ်လုံး၊ ခေါတောရွာ အရှေ့ဘက်ကန်ဘောင်ပေါ်သို့ တစ်လုံး ကျရောက်ခဲ့ပြီး ဝက်လက်မြို့ အနောက်ဘက်ရှိ မီးသတ်ရုံးကိုလည်း မှားယွင်းဗုံးကြဲချခဲ့သဖြင့် မီးသတ်ရုံးပြိုကျပျက်စီးသွားသည်ဟု ဖော်ပြထားသည်။

အဆိုပါ ဗုံးကြဲခံရခြင်းကြောင့် ခေါတောရွာမှ အရပ်သားတစ်ဦးနှင့် သခွတ္တောရွာမှ အရပ်သားတစ်ဦးတို့ စိုးရိမ်ရ ဒဏ်ရာများ ရရှိထားကြောင်း ကနဦးသိရသည်။

#TachileikNewsAgency