တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းသည် ပြဿနာကိုပိုရှုပ်ထွေးစေသည်ဟု NUCC ထုတ်ပြန်

တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းသည် ပြဿနာကိုပိုရှုပ်ထွေးစေသည်ဟု NUCC ထုတ်ပြန်
ဇွန် 24, 2023 | 2021 Military Coup

တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ့နိုင်ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပိုမိုရှုပ်ထွေးစေသဖြင့် အိမ်နီးချင်းကောင်းပီသရန်လိုကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့တွင် ထုတ်ပြန်သည်။

လက်ရှိမြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်နေမှုများကို သုံးသပ်ရာ၌ အကြမ်းဖက်စစ်ကောင်စီနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုသာ တွေ့ရှိနေရပြီး ထိုသို့ ဆောက်ရွက်နေခြင်းများသည် မြန်မာပြည်သူများ၏ သဘောဆန္ဒကို မျက်ကွယ်ပြုရာရောက်သည့်အပြင် မြန်မာ့နိုင်ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေး ပြဿနာများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ ဆင်းရဲဒုက္ခကို ကြာရှည်စေနိုင်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာပြည်သူများ၏စိတ်နှလုံးကို ထိခိုက်စေပြီး နှစ်နိုင်ငံတည်ဆောက်ထားခဲ့သည့် ပြည်သူအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုနှင့် လက်ရှိအကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားအတွက် ကြီးစွာထိခိုက်လျက်ရှိသည်ကို သတိပေးကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တရုတ်နိုင်ငံ၏ ရေရှည်အကျိူးစီးပွား ဖြစ်ထွန်းမှုအတွက် မြန်မာပြည်သူများကသာ အာမခံချက်ပေးနိုင်မည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက အာမခံချက်ပေးနိုင်မည် မဟုတ်သည်ကို တရုတ်နိုင်ငံအနေဖြင့် သဘောပေါက်ရန် လိုအပ်သည်ဟု ဆိုသည်။

မြန်မာပြည်သူများအား စစ်ကောင်စီက နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ရာတွင် အသုံးပြုနေသည့် စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် စစ်ထောက်လှမ်းရေး ဆိုင်ရာကိစ္စရပ်များတွင် တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို ရပ်တန့်ရန်လိုအပ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီအနေနှင့် အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို လက်ခံသဘောတူခဲ့သော်လည်း အကောင်အထည်ဖော်ရာ၌ လက်တွေ့လိုက်နာရန် ဆောင်ရွက်ခြင်းမရှိသည့် အခြေအနေတွင် ယခုကဲ့သို့ တရုတ်နိုင်ငံ၏ အကြမ်းဖက်စစ်ကောင်စီအပေါ် ပံ့ပိုးရာရောက်သည့် ဆက်ဆံဆောင်ရွက်ခြင်းများသည် စစ်ကောင်စီက မြန်မာပြည်သူများအပေါ်  ဆက်လက် အနိုင်ကျင့် ဖိနှိပ်ရန်အတွက် အားပေးကူညီနေသကဲ့သို့ ဖြစ်နေဟုလည်း ထုတ်ပြန်ထားသည်။ 

တရုတ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာဖြင့် မြန်မာ့အရေးကို ပြေလည်စေလိုပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းဆောင်ရွက်ရန် အမှန်တကယ်ဆန္ဒရှိပါက မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို အထူးသတိပြု ရှောင်ရှားရန် လိုအပ်သည်ဟုဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးအား လက်တွေ့ကျကျ ကူညီဖြေရှင်းနိုင်ရန်အတွက် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို အလေးထားလျက် NUG အပါအဝင် တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများနှင့် နီးနီးကပ်ကပ် စဉ်ဆက်မပြတ် ဆက်ဆံပူပေါင်း ဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံ ပြည်သူများ၏ ရေရှည်အကျိုးစီးပွားနှင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသော အိမ်နီးချင်းကောင်း ပီသမှုကို ပြသရန်  တိုက်တွန်းထားသည်။

#TachileikNewsAgency