မကွေးမြို့နယ်အတွင်းရှိ ကန်ပြားရဲစခန်းကို PDF များ ဝင်ရောက် စီးနင်း တိုက်ခိုက်မှုအတွင်း အာဏာသိမ်း စစ်အုပ်စုဘက်က အများအပြား ထိခိုက် သေဆုံး

မကွေးမြို့နယ်အတွင်းရှိ ကန်ပြားရဲစခန်းကို PDF များ ဝင်ရောက် စီးနင်း တိုက်ခိုက်မှုအတွင်း အာဏာသိမ်း စစ်အုပ်စုဘက်က အများအပြား ထိခိုက် သေဆုံး
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| အခြားဒေသများ

 

မကွေးတိုင်း၊ မင်းဘူးခရိုင် မကွေးမြို့နယ်အတွင်း ကန်ပြားကျေးရွာအုပ်စုရှိရှိ ကန်ပြားရဲစခန်းအား PDF များ စီးနင်းတိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု၏ တပ်သား အများအပြား ထိခိုက်သေဆုံးကာ  ရဲစခန်းအတွင်းရှိ ဘားတိုက်နှင့်နေရာအချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် "ရန်သူ့တပ်ဖွဲ့ဝင် (၃၀) ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။"ဟု ဖော်ပြထားရှိသည်။

ဖေဖော်ဝါရီလ (၈)ရက်နေ့၏  ည(၉)နာရီဝန်းကျင်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  အာဏာသိမ်းစစ်အုပ်စု၏ တပ်ဘက်မှ စစ်ကူအင်အားများ ထပ်မံရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းစစ်ကြောင်းက အထိအခိုက်အကျအဆုံးမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မင်းဘူးခရိုင်) တပ်ရင်း အမှတ်(၁)၊ မကွေးခရိုင် တပ်ရင်းအမှတ် (၁)၊ မင်းဘူး(ပကဖ)နှင့်ပွင့်ဖြူ(ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

#TachileikNewsAgency