အိန္ဒိယမြောက်ပိုင်း ပြည်နယ်တစ်ခုတွင် အပူဒဏ်ကြောင့် နှစ်ရက်အတွင်း လူ ၃၀ ကျော် သေဆုံး

Photo: AP
Photo: AP
အိန္ဒိယမြောက်ပိုင်း ပြည်နယ်တစ်ခုတွင် အပူဒဏ်ကြောင့် နှစ်ရက်အတွင်း လူ ၃၀ ကျော် သေဆုံး
By Mr John

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ အူတာပရာဒက်ရှ်ပြည်နယ်တွင်  ပြီးခဲသည့် နှစ်ရက်အတွင်း အပူဒဏ်ကြောင့် အနည်းဆုံး လူ (၃၄) ဦး သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် ပြောသည်။ 

အူတာပရာဒက်ရှ်တွင် အပူချိန်များ မြင့်တက်ပြီး အလွန်ပူပြင်းနေမှုကြောင့် အသက် (၆၀)မှအထက် အသက်အရွယ်ကြီးသူများ နေ့အချိန်အတွင်း အိမ်အပြင်မထွက်ကြရန် ဆရာဝန်များက အကြံပြုထားသည်။

သေဆုံးခဲ့သူ အားလုံးမှာ အသက် (၆၀) ကျော်အရွယ်များဖြစ်ပြီး ယခင်ကတည်းက ကျန်းမာရေးမကောင်းသူများဖြစ်ရာ ရာသီဥတုပူပြင်းလွန်းသည့်ဒဏ်ကြောင့် အခြေအနေပို၍ဆိုးဝါးသွားခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

အူတာပရာဒက်ရှ်ပြည်နယ်၏ မြို့တော် လက်ခ်နောင်းမြို့၏ အရှေ့တောင်ဘက် (၁၂၄) မိုင်ခန့်ရှိ Ballia ခရိုင်တွင် အပူဒဏ်ကြောင့် ဇွန်လ (၁၅) ရက်နေ့တွင် (၂၃) ဦး သေဆုံးခဲ့ပြီး ဇွန်လ (၁၆) ရက်နေ့တွင်လည်း နောက်ထပ် (၁၁) ဦး ထပ်မံသေဆုံးခဲ့ကြောင်း Ballia ခရိုင် ကျန်းမာရေးဌာန ဦးစီးအရာရှိ Jayant Kumar က ပြောသည်။ 

အိန္ဒိယမိုးလေဝသဌာန၏ အချက်အလက်များအရ အူတာပရာဒက်ရှ်ပြည်နယ် Ballia ခရိုင်တွင် ဇွန်လ (၁၆) ရက်နေ့က အမြင့်ဆုံး အပူချိန် (၄၂.၂) ဒီဂရီဆဲလ်စီးယပ် ဖြစ်ပေါ်ခဲ့ပြီး ပုံမှန်ထက် (၄.၇) ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ကြောင်း သိရသည်။ အူတာပရာဒက်ရှ်တွင် အလွန်ပူပြင်းမှုနှင့်အတူ ပြည်နယ်တဝန်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ပြည်သူများမှာ ရေပြတ်လပ်မှု၊ ပန်ကာ သို့မဟုတ် လေအေးပေးစက် အသုံးမပြုနိုင်မှုတို့ ကြုံခဲ့ကြရပြီး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလအတွင်းကလည်း အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းတွင် အစိုးရအခမ်းအနားတစ်ခု၌ အပူဒဏ်ကြောင့် လူ (၁၃) ဦး သေဆုံးခဲ့ပြီး ပြည်နယ်အချို့တွင် ကျောင်းများအားလုံးကို တစ်ပတ်ကြာ ပိတ်ထားခဲ့ရသည်။ 

အလွန်အမင်း ပူပြင်းမှု၏ အကြောင်းရင်းကို လေ့လာဆန်းစစ်နေသည့် World Weather Attribution ပညာရှင်အဖွဲ့၏ အဆိုအရ ရာသီဥတုပြောင်းလဲမှုကြောင့် တောင်အာရှဒေသများတွင် ဧပြီလအတွင်း အပူလှိုင်းကျရောက်မှု အနည်းဆုံး အဆ (၃၀) ပိုများကြောင်း သိရသည်။



Source: AP