ဆားတောင်မြို့တွင် စစ်ကောင်စီတပ်နှင့် PDF (၃)ရက် ဆက်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိ

ဆားတောင်မြို့တွင် စစ်ကောင်စီတပ်နှင့် PDF (၃)ရက် ဆက်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိ

စစ်ကိုင်းတိုင်း ဆားတောင်မြို့ အနောက်ဘက်အခြမ်း သာဇယ်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည့်သူ့ကာကွယ်ရေးတပ်များ (၃)ရက် ဆက်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။ 

ဆားတောင်မြို့ သာဇင်ရွာ အနီးဝန်းကျင်သို့ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာက ၂၀၂၃ခုနှစ် ဇွန်လ(၁၃)ရက်နေ့က စတင်ကာ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ (၁၃)ရက်နေ့က စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၀)ဦးသေဆုံးပြီး (၁၀)ဦးဝန်းကျင် ဒဏ်ရာရရှိသွားပြီး (၁၄)ရက်နေ့တွင်လည်း ထပ်မံ၍ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ယင်းနေ့အတွက် ဒဏ်ရာရစာရင်းကို အတိမပြုနိုင်သေးကြောင်းနှင့် (၁၅)ရက်နေ့တွင်လည်း ဆားတောင်မြို့နယ် ပေါက်မတောင်ရွာတွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်သား(၂၀)ဦးခန့်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်(၆)ဦး (မစိုးရိမ်ရ ) ဒဏ်ရာရရှိခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း(၇) မြင်းခြံခရိုင်က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် သာဇင်ကျေးရွာအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ဒေသခံ(၄၀)ကျော်ကို ကျေးရွာအနောက်ဘက်ရှိ ဘောဂကျောင်းတိုက်အတွင်း ဖမ်းဆီးထားကာ အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ထို့နောက် သာဇင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ်(၆၀၀)ကျော်အထိ မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံထောင်ချီ ထွက်ပြေးနေကြရသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဇွန်လ(၁၄)ရက်ကလည်း သာဇင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကိုသတ်ဖြတ်ခဲ့သည့်အပြင် ရေတွင်းကောင်းကျေးရွာမှ ကလေးတစ်ဦးအပါ ဒေသခံ(၅)ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး  ရေတွင်းကောင်းကျေးရွာ ဒေသခံ(၄)ဦးနှင့် မိုးသောက်ကျေးရွာ ဒေသခံတစ်ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးနှင့် PDFတပ်ဖွဲ့ဝင်များ ဆားတောင်မြို့ပေါ်တွင်တက်လာသည့် ရုပ်သံ ပျံ့နှံ့လာပြီးနောက် စစ်ကောင်စီတပ်က ယင်းသို့စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များကို  Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း (၇ ) မြင်းခြံခရိုင်၊ နဂါးနီ (တပ်ရင်း ၁၊ ကျောက်ဆည်ခရိုင်)၊ ဆားတောင်မိုးကြိုးနှင့် မဟာမိတ်အဖွဲ့များ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁)တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency