အမေရိကန်၏ နျူးကလီးယားနှင့် စစ်ရေးဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းများ ယူဆောင်သွားမှုအတွက် သမ္မတဟောင်းထရမ့်ကို အမှု (၃၇) မှုဖြင့် စွဲချက်တင်

အမေရိကန်၏ နျူးကလီးယားနှင့် စစ်ရေးဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းများ ယူဆောင်သွားမှုအတွက် သမ္မတဟောင်းထရမ့်ကို အမှု (၃၇) မှုဖြင့် စွဲချက်တင်
By Mr John

 အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို နျူကလီးယားနှင့် စစ်ရေးဆိုင်ရာများ လျှို့ဝှက်အဆင့် စာရွက်စာတမ်းများ အိမ်သို့ယူဆောင်သွားမှုအတွက် အစိုးရရှေ့နေများက ၂၀၂၃ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် အမှု (၃၇) မှုဖြင့် စွဲချက်တင်လိုက်‌ကြောင်း သိရသည်။ 

ထရမ့်က သမ္မတတာဝန်ပြီးဆုံး၍ ၂၀၂၁ ခုနှစ်တွင် အိမ်ဖြူတော်မှ ထွက်ခွာခဲ့စဥ် လျှို့ဝှက်အဆင့် စာရွက်စာတမ်းများကို ၎င်း၏အိမ်သို့ ယူဆောင်သွားပြီး နိုင်ငံတော်၏ အထိခိုက်မခံနိုင်ဆုံး လုံခြုံရေးလျှို့ဝှက်ချက်အချို့ကို အန္တရာယ်ဖြစ်စေကြောင်း ရှေ့နေများက စွပ်စွဲထားသည်။

စာရွက်စာတမ်းသေတ္တာအချို့ကို သန့်စင်ခန်းအနီး သိမ်းထားခဲ့ပြီး အခြား စာရွက်စာတမ်းများကို ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ Mar-a-Lago စံအိမ်သို့ ရွှေ့ပြောင်းယူဆောင်သွားခဲ့ရာ ထိုလုပ်ရပ်က လျှို့ဝှက်အဆင့် စာရွက်စာတမ်းများကို ပြန်လည်ရယူရန် ဆောင်ရွက်နေသည့် အစိုးရအရာရှိများကို လိမ်လည်ရာရောက် မရောက်ကိုလည်း ထရမ့်က ၎င်း၏ ရှေ့နေများနှင့် ဆွေးနွေးခဲ့ကြောင်း စွဲချက်များတွင် ဖော်ပြထားသည်။

လျှို့ဝှက်အဆင့် စာရွက်စာတမ်းများကို ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ခြင်းက အမေရိကန် နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံခြားဆက်ဆံရေးနှင့် ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းခြင်းတို့ကို အန္တရာယ်ဖြစ်စေကြောင်း ရှေ့နေများက ပြောသည်။ 

ယခုစွဲချက်များနှင့် ပတ်သက်၍ သမ္မတဟောင်းထရမ့်ကို လာမည့် မေလ (၁၃) ရက်နေ့တွင် မိုင်ယာမီရှိ တရားရုံး၌ ကြားနာစစ်ဆေးသွားမည် ဖြစ်သည်။

အမေရိကန်တွင် နိုင်ငံတော်လျှို့ဝှက်ချက် စာရွက်စာတမ်းများနှင့် ပတ်သက်၍ စွဲချက်တင်ခံရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်နိုင်သော စွဲချက်တစ်ခုဖြစ်ကြောင်း သိရသည်။ 

ထရမ့်မှာ အမေရိကန်သမိုင်းတစ်လျှောက် ပြည်ထောင်စုတရားရုံးတွင် စွဲချက်တင်ခံရသော ပထမဆုံး သမ္မတဟောင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

 

Source: Reuters