အရာတော်မြို့နယ်အတွင်း သစ်ကျင်းကြီးကျေးရွာတွင် NLD လက်ထက်အုပ်ချုပ်ရေးမှူးဟောင်းအိမ် အပါအဝင် နေအိမ်(၅)လုံးကို အာဏာသိမ်းစစ်တပ်က မီးရှို့

Photo: အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
Photo: အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
အရာတော်မြို့နယ်အတွင်း သစ်ကျင်းကြီးကျေးရွာတွင် NLD လက်ထက်အုပ်ချုပ်ရေးမှူးဟောင်းအိမ် အပါအဝင် နေအိမ်(၅)လုံးကို အာဏာသိမ်းစစ်တပ်က မီးရှို့
အောက်တိုဘာ 21, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာရှိ NLD အစိုးရလက်ထက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးဟောင်း၏ နေအိမ်ကို အာဏာသိမ်းအဖွဲ့၏စစ်တပ်က ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့ ညပိုင်းက မီးရှို့လိုက်သည့်အတွက် အဆိုပါအိမ်အပါအဝင် နေအိမ် (၅)လုံးမီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

USDP အစိုးရလက်ထက်က အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းက ၎င်းနှင့်အဆင်မပြေသူများအား စစ်တပ်ကိုသတင်းပေးတိုင်ကြားမှုများလုပ်နေပြီး ၎င်း၏တိုင်ကြားမှုကြောင့် NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်ကို မီးလာရှို့ခြင်းဖြစ်သည်ဟု ဒေသခံများကို ကိုးကား၍ ဒေသအခြေစိုက် အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖေါ်ပြထားသည်ကို တွေ့ရသည်။

အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်ကို မီးရှို့စဉ် ရွာထဲမှထွက်လာသူများကို ဖမ်း၍ထိုင်ခိုင်းရာ ရွာခံလူကြီးတစ်ဦးက ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီး၍ အာဏာသိမ်းစစ်တပ်က ခေါ်သွားသည်ဟု သိရသည်။

နေအိမ်မီးရှို့မှုကြောင့် အုပ်ချုပ်ရေးမှူးဟောင်းအိမ်အပြင် ဘေးကပ်လျက်ရှိ အုပ်ချုပ်ရေးမှူးဟောင်း၏ ညီမဖြစ်သူများ၏နေအိမ်များပါ မီးလောင်ဆုံးရှုံးသွားကာ အိမ်ရှင်မိသားစုများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အရာတော်မြို့နယ်အတွင်း အာဏာသိမ်းအဖွဲ့၏စစ်တပ် အခြေစိုက်နေရာ (၃)ခုရှိသည့်အနက် သစ်ကျင်းကြီးကျေးရွာအနီးရှိ အမတ-၃၉၆ (၃၆၉ အမြှောက်တပ်ရင်း၊ အရပ်ခေါ် သစ်ကျင်းကြီးတပ်) က စစ်တပ်က ရိက္ခာစုသည့်အခါဖြစ်စေ၊ ကင်းလှည့်ရင်းဖြစ်စေ သစ်ကျင်းကြီးကျေးရွာကို ဖြတ်သန်းသွားလာလေ့ရှိသည်ဟု သိရသည်။

#TachileikNewsAgency