ကိုးကန့်တွင် MNDAAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ကိုးကန့်တွင် MNDAAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ
အောက်တိုဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

ရှမ်းပြည်နယ် ချင်းရွှေဟော်ဒေသ တာကြာမိန်နေရာအနီးသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး မန်တုံပနေရာတွင်လည်း စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The Kokang က ဖော်ပြထားသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့က စစ်ကောင်စီတပ်နှင့် MNDAAတို့ မန်တုံပတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မန်တုံပတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် MNDAAဘက်မှ တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူ (၁)ဦးရှိခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိ၊ မရှိကိုမူ မသိရသေးဟု ဆိုသည်။ 

ထို့အပြင် ချင်းရွှေဟော်ဒေသ တာကြာမိန်နေရာအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျည် (၃)လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်သည် မူပန်ဒေသ မိုင်းယန်အုပ်စု ဟောနမ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး (၂)ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ဟောနမ်ရွာသို့ လက်နက်ကြီးကျည်(၃)လုံးပစ်ခတ်ခဲ့ရာ အသက်(၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး အသက်(၈၀)အရွယ်နှင့် (၄၈)နှစ်အရွယ် အမျိုးသမီး(၂)ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency