Mytel Operator ၏ call center အဖြစ် လိမ်လည်ကာ MyID app ထဲ ဝင်ရောက်ပြီး ငွေလိမ်လည် လွှဲပြောင်းရယူမှုများ တာချီလိတ်တွင် ကြုံရ

Mytel Operator ၏ call center အဖြစ် လိမ်လည်ကာ MyID app ထဲ ဝင်ရောက်ပြီး ငွေလိမ်လည် လွှဲပြောင်းရယူမှုများ တာချီလိတ်တွင် ကြုံရ

 Mytel Operator ၏ Call Center အဖြစ် လိမ်လည်ပြီး ဖုန်းဆက်ကာ ငွေလိမ်လည်မှု တာချီလိတ်မြို့တွင် ၂၀၂၃ခုနှစ် ဇွန်လ(၃)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ရှမ်းပြည်တောင်ပိုင်း Mytel ရုံးကဆိုပြီး ဖုန်းဘေလ် ကျပ်(၂၀,၀၀၀)ထည့်ရင် ကျပ်(၇)သိန်းပေးတယ်ဆိုပြီး လိမ်နေပါတယ်။ ဖုန်းထဲမှာ ဖုန်းဘေလ်ဖြည့်ခိုင်းတယ်။ ဖြည့်ပြီးရင် ဖုန်းဘေလ်ထဲကနေ ဖြတ်ယူတယ်။ ဖုန်းဆက်လာတာက မိန်းကလေးပါ"ဟု လိမ်ခံရသူက Tachileik News Agency ကို ဇွန်လ(၃)ရက်နေ့တွင် ပြောသည်။

၎င်း၏ ပြောပြချက် နှင့် ပေးပို့လာသည့် စခရင်ရှော့(Screenshot)အရ လိမ်လည်သူသည် ဖုန်းနံပါတ် 09682615956 ဖြင့် ဆက်လာသူဖြစ်ပြီး Mytel ၏ MyID app ကနေ လိမ်လိုသူ၏ ဖုန်းနံပါတ်ကို ဖြည့်စွက်ပြီးနောက် ဖုန်းနံပါတ်သို့ Mytel က ပို့လာသည့် OTP Code ကိုလည်း တဖက်က အဆင့်များဆက်လက် လုပ်ဆောင်ရန်ဟုဆိုကာ Code လှမ်းတောင်းပြီး ဖြည့်ကာ ဝင်ရောက်ပြီးနောက်မှာ ဖုန်းဘေလ်ဖြည့်ထားသည့် ငွေများကို တစ်ကြိမ်လျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် ဖုန်း 09663110230 သို့ (၄)ကြိမ် လွှဲပြောင်းရယူသွားခြင်း ဖြစ်သည်ကို Tachileik News Agency အနေဖြင့် စစ်ဆေးတွေ့ရှိရသည်။

"အဲ့နောက် သူတို့ ပို့ပေးတဲ့ Codeကို ပြောခိုင်းတယ်။ ပြောင်းလိုက်ပြီးနောက် ကျပ်(၅,၀၀၀)စီပါသွားတယ်။"ဟု ၎င်းက ဆက်လက်ပြောပြသည်။

လိမ်လည်ခံရသူမှာ တဖက်က လိမ်နေမှန်းသိနေပြီး မည်သို့လိမ်သည်ကို ဆက်လက်သိလို၍ Code ပေးလိုက်ခြင်းဖြစ်ပြီး ယခုလို လိမ်လည်မှုများ ဖြစ်ပေါ်နေသည့်အတွက် အခြားသူများ အလိမ်ခံရရန် သတင်းဌာနကို ဆက်သွယ်အပေးလာခြင်းလည်း ဖြစ်သည်။

လိမ်လည်သူသည် ဖုန်းနံပါတ် 09682615956 ဖြင့် ဖုန်းဆက်လာသူဖြစ်ပြီး ဖုန်း 09663110230 သို့ လွှဲငွေပြောင်းယူသွားသူသည်  Samsung SM-A127F အမျိုးအစားကိုင်ဆောင်ပြီး MyID App ထဲသို့ ၂၀၂၃ခုနှစ် ဇွန်လ(၃)ရက်နေ့ နံနက်(၁၁)နာရီ (၄၉)မိနစ် စက္ကန့်(၄၀)အချိန်က ဝင်ရောက်ကြောင်း Mytel က သတိပေးပို့လာသည့် SMS ပါ အချက်အလက်များအရ သိရသည်။



"ဖုန်ဘေလ် ကျပ်(၂၀,၀၀၀)ဖြည့်လို့ ကျပ်(၇)သိန်းပေးမယ်ဆိုတာမျိုးအထိ မိုင်တဲကတော့ အဲ့လောက်ထိ သဘောကောင်း မနေပါဘူး။ အခုလို လိမ်နည်းတွေကတော့ မသမာသူတွေအတွက် အမျိုးမျိုး ရှိနေမှာပဲ အဓိက ကတော့ ဖုန်းထဲကို ပို့လာတဲ့ OTP Code လို နံပါတ်တွေကို  တဖက်လူကို မပြောပြခြင်းဖြင့် အလိမ်ခံရမှုကို ကာကွယ်နိုင်မှာပါ။ နောက်ပြီး အခုလို ကြုံလာတယ်ဆိုရင် တစ်ယောက်တည်း အရင် မဆုံးဖြတ်ဘဲ နီးစပ်ရာအသိမိတ်ဆွေကို ပြောပြပြီး တိုင်ပင်သင့်တယ်။ ဒါမှ အလိမ်ခံရတာတွေ သက်သာမှာ"ဟု ဆက်သွယ်ရေးဝန်ထမ်းဟောင်းတစ်ဦးက အကြံပြုပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း၌ ဖုန်းဖြင့် ဆက်သွယ်ပြီး ငွေကြေးလိမ်လည်မှုများစွာရှိခဲ့ရာတွင် ကံစမ်းမဲပေါက်၍ ဆုကြေးထုတ်ယူရန် ကနဦး ငွေလွှဲပေးရန်ပြောသည့် ဖြစ်စဉ်မှာ အများဆုံး ကြုံရပြီး ယခုလို Mytel ၏ MyID app ကနေ ဝင်ရောက်ပြီး လိမ်လည်သည့် ဖြစ်စဉ်မှာ ယခုနောက်ပိုင်းမှ ကြုံတွေ့လာရသည့် ဖြစ်စဉ် ဖြစ်ကြောင်း သိရသည်။