ချောက်မြို့ပေါ်သို့ ဈေးဝယ်လာသည့် ကပစ(၂၁)မှ အဝယ်တော် တပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ခံရ

ချောက်မြို့ပေါ်သို့ ဈေးဝယ်လာသည့် ကပစ(၂၁)မှ အဝယ်တော် တပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ခံရ

မကွေးတိုင်း၊ ချောက်မြို့ပေါ်သို့ ဈေးဝယ်လာသည့် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၁)မှ အဝယ်တော်တစ်ဦးဖြစ်သည့် တပ်ကြပ်ကြီး အောင်သူတင့်သည် ယနေ့  ၂၀၂၃ခုနှစ်၊ ဇွန်လ(၂)ရက်နေ့တွင် ပစ်ခတ်ခံရကာ သေဆုံးပြီး ထိပ်တန်း လျှို့ဝှက်စာရွက်၊စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Chauk Guerilla Force(CGF) တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းက ဆိပ်ဖြူမြို့နှင့် ချောက်မြို့သို့ ဈေးဝယ်ထွက်လာသည့် တပ်ကြပ်ကြီး အောင်သူတင့် စီးလာသောကားအား ပစ်ခတ်ရန်ရည်ရွယ်ထားသော်လည်း ကားပေါ်တွင် အပြစ်မဲ့အရပ်သားပြည်သူများ ပါလာသဖြင့် စစ်ဆင်ရေးအား ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ထို့နောက် တပ်ကြပ်ကြီး အောင်သူတင့် နောက်သို့လိုက်၍ လူရှင်းသည့်နေရာတွင် ရှောင်တခင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ ငွေကျပ်သိန်း(၄၀)ကျော်နှင့် ဖုန်းတစ်လုံး အပါအဝင် ၎င်း၏ဗိုလ်ကြီး ရန်နိုင်၏ ဘဏ်စာအုပ်များ၊ ချက်လက်မှတ်တစ်စောင်၊ ATM ကဒ်များနှင့် ထိပ်တန်းလျှို့ဝှက်စာရွက်၊စာတမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တပ်ကြပ်ကြီး အောင်သူတင့် သည် ကပစ(၂၁)မှ ဗိုလ်ကြီးရန်နိုင်၏ တပည့်အရင်းဖြစ်ပြီး ၄င်းအား ချောက်မြို့နယ်ပြောက်ကျား တပ်ဖွဲ့(CGF)၊ ချောက် ပကဖ အဖွဲ့ ၊ KF People Defense Force၊ ရေနံချောင်း ဖေကံကောင်းအဖွဲ့ နှင့် MVP Revolution Force တို့ပူးပေါင်းကာ သေနတ်ဖြင့်(၂)ချက် ပစ်ခတ်၍ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

#TachileikNewsAgency

Photo-Chauk Guerrilla Force(CGF)