မိုင်းကိုင်တွင် SSPP ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ကျေးရွာသားတစ်ဦးအတွက် SSPP က လျော်ကြေးငွေ ကျပ်(၅)သိန်းသာ ပေးပြီး ကြေအေး

မိုင်းကိုင်တွင် SSPP ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ကျေးရွာသားတစ်ဦးအတွက် SSPP က လျော်ကြေးငွေ ကျပ်(၅)သိန်းသာ ပေးပြီး ကြေအေး

 ရှမ်းပြည်တောင်ပိုင်းဒေသ၊ မိုင်းကိုင်မြို့နယ် ရန်လွယ်ကျေးရွာတွင်  ကျွဲသွားရှာသည့် ဒေသခံ ကွီထွေးဆိုသူကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ပစ်သတ်ခဲ့ပြီးနောက် ငွေကျပ် (၅)သိန်းဖြင့်သာ လာရောက်ပေးအပ်ပြီး ကြေအေးခိုင်းစေခဲ့ကြောင်း သိရသည်။



ထိုအမျိုးသားကို ပစ်သတ်ခဲ့သည့် ကိစ္စနဲ့ပတ်သက်ပြီး SSPP ဘက် ကလည်း ဝန်ခံထားပြီး ရပ်ရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏မိသားစုဝင်များကို တွေ့ဆုံရှင်းပြတောင်းပန်ခဲ့ပြီး လိုအပ်တာတွေ လုပ်ပေးခဲ့သည်ဟု SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးသီဟရာဇာက ပြောသည်။

"ရွာကလူကြီးတွေကော အားလုံးခေါ် ရှင်းပြပေးတယ်။ မိဘ ဆွေမျိုးအားလုံးကိုလည်း တောင်းပန်တယ်။ သူ့ကိုလိုအပ်တာတွေလည်းကူညီပေးပါတယ်။ အားလုံးကလည်း ကျေနပ်တယ်”ဟု  SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးသီဟရာဇာက ပြောသည်။

သို့သော် သေဆုံးသွားသည့် အမျိုးသား၏ မိသားစုဝင်များကို SSPP ဘက်က ငွေကျပ်(၅)သိန်းသာ လာရောက်ပေးပြီး တောင်းပန်စကား တစ်စုံတစ်ရာပြောခဲ့ခြင်းမရှိဘူးဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

"သူတို့(SSPP)က သူ့မိသားစုကို ငွေ (၅)သိန်းပဲ လာပေးသွားတာ။ ဘာမှမပြောဘူးတဲ့။ ဘယ်သူက ကျေနပ်မှာလဲ။ လူတစ်ယောက်တန်ဖိုးကို ငွေ (၅)သိန်းနဲ့ စျေးဖြတ်လိုက်တာ။ ဟန်လုပ်ပြတာဘဲ ရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်း​ဖြစ်နေတော့လည်း လက်နက်အားကိုးနဲ့​”ဟု ပြောသည်။

ကွီးထွေးသည် ၂၀၂၃ခုနှစ်  မေလ (၂၁)ရက်နေ့က  တောထဲတွင် ကျွဲသွားရှာရင်း SSPP ၏ ပစ်သတ်မှုကို ခံရပြီးနောက် ကျေးရွာသားများက တောထဲ သွားရှာသော်လည်း SSPP က ပိတ်ပင်ထားခြင်းများကြောင့်   (၂)ရက်အကြာမှ ကွီးထွေးသတ်ခံထားရသည့် အနေအထားကို တွေ့ရှိရကြောင်း သိရသည်။ 

ပစ်သတ်ခံရ၍ သေဆုံးခဲ့သည့် အမျိုးသားသည် တူမီးသေနတ်ကိုင်ဆောင်ထားပြီး SSPP တပ်သားများကို တွေ့သည့်အချိန်တွင် ထွက်ပြေးခဲ့ခြင်းကြောင့် ၎င်းကို RCSS တပ်သားလို့ထင်ပြီး မှားပစ်ခဲ့သည်ဟု ဗိုလ်ကြီးသီဟရာဇာ ဆက်ပြောသည်။

"ကျွန်တော်တို့ခေါ်ပြီးပြောတယ်။ စိုက်ပျိုးရေး လယ်တွေယာတွေလုပ်တဲ့အခါ ကျွန်တော်တို့ ရဲဘော်ကို တွေ့ရင် ထွက်မပြေးပါနဲ့လို့။ ကျွန်တော်တို့လာရင် အေးအေးဆေးဆေး တွေ့ဆုံပါ။ အပြစ်မရှိရင် မရှိသလိုဘဲ ကျွန်တော်တို့လွှတ်တယ်။ အဲဒီလူက တူမီးသေနတ်ကိုင်ပြီး ထွက်ပြေးတဲ့ အခါကျတော့ RC(RCSS) ရဲ့ လူလား အရပ်သားလား ခွဲခြားလို့မရတဲ့ အခါကျတော့ ပစ်မိတာပါ”ဟု ဗိုလ်ကြီးသီဟရာဇာက ပြောသည်။

SSPP ဘက်က သေဆုံးသူ အမျိုးသားသည် တူမီးသေနတ်ကိုင်ထားသည်ဟု ပြောသော်လည်း ကွီထွေးက ကျွဲရှာဖို့သွားခဲ့တာဖြစ်ပြီး ၎င်းတို့ပြောသလို တူမီးသေနတ် မယူသွားသည့်အပြင် ဘာလက်နက်မှလည်း ကိုင်ဆောင်ထားတာ မရှိဘူးဟုလည်း အမည်အဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

အမှန်တကယ် မှားပစ်ခဲ့ရင်လည်း ၎င်း၏ မိသားစုဝင်များကိုတော့ ထိုက်တန်သည့် လျော်ကြေးနှင့် တောင်းပန်စကားပြောခဲ့သင့်ပြီး ပြစ်မှုကျူးလွန်သည့် တပ်သားများကိုလည်း ထိုက်သင့်သည့် အပြစ်ပေးသင့်ဟု ကျေးရွာနေ ဒေသခံများက တောင်းဆိုကြသည်။