လေယာဥ်ပျက်ကျမှု စီစဥ်ဖန်တီးပြီး ဗီဒီယိုကို လူကြည့်များရန် လုပ်ဆောင်ခဲ့သည့် အမေရိကန် YouTuber ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံရနိုင်

လေယာဥ်ပျက်ကျမှု စီစဥ်ဖန်တီးပြီး ဗီဒီယိုကို လူကြည့်များရန် လုပ်ဆောင်ခဲ့သည့် အမေရိကန် YouTuber ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခံရနိုင်
By Mr John

 ၎င်း၏လေယာဥ်ကို တမင်ရည်ရွယ် ပျက်ကျစေခဲ့ပြီး YouTube channel တွင် လူကြည့်များရန် စီစဥ်လုပ်ဆောင်ခဲ့သည့် YouTuber လေယာဥ်မှူးကို ထောင်ဒဏ် နှစ် (၂၀) အထိ ချမှတ်နိုင်ကြောင်း အမေရိကန်အာဏာပိုင်များက ၂၀၂၃ခုနှစ်  မေလ (၁၁) ရက်နေ့တွင်  ပြောသည်။ 

၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့က "ငါ့လေယာဥ် ပျက်ကျသွားတယ်" ဟု ခေါင်းစဥ်တပ်ထားပြီး တင်ခဲ့သည့် ဗီဒီယိုမှတ်တမ်းမှာ ကြည့်ရှုသူ (၃)သန်းခွဲနီးပါးလာာပြီး အဆိုဗီဒီယိုတစ်ခုတွင် YouTuber ထရီဗာဂျက်ကော့ဘ်မှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ကယ်လီဖိုးနီးယားတောင်ပိုင်း ကောင်းကင်ယံတွင် လေယာဥ်အင်ဂျင်ပြဿနာ ကြုံခဲ့ရပုံရှိသည်ဟု ဆိုသည်။

ရုပ်ရှင်ဆန်ဆန် အံ့အားသင့်ဖွယ် ဗီဒီယိုမှတ်တမ်းတွင် အသက် (၂၉) နှစ်အရွယ် ဂျက်ကော့ဘ်က ၎င်း၏ အင်ဂျင်တစ်လုံးတပ် လေယာဥ်ပေါ်မှ ခုန်ချသွားခဲ့ပြီး လက်ထဲတွင် ဆယ်လ်ဖီဓာတ်ပုံရိုက်သည့် selfie-stick ကို တွေ့ရသည်။ 

ထို့နောက် ဂျက်ကော့ဘ်က Los Padres အမျိုးသားသစ်တာဥယျာဥ်အတွင်းသို့ လေထီးဖြင့် ဆင်းသက်သွားခဲ့သည်။

လေယာဥ်တွင် တင်ဆင်ထားသော ကင်မရာမှတ်တမ်းများတွင် လေယာဥ်မှာ အထိန်းအချုပ်မဲ့ပြီး သစ်တောထဲသို့ ထိုးစိုက်ကျဆင်းသွားကာ နောက်ဆုံး၌ ပျက်ကျသွားခဲ့ကြောင်း တွေ့ရသည်။ 

ဂျက်ကော့ဘ်က လေယာဥ်ပျက်ကျသွားသည့် တောင်တန်းတစ်ခုပေါ်သို့ တက်ရောက်နေစဥ် ကိုယ့်ကိုယ်ကိုယ် ဗီဒီယိုရိုက်ကူးထားပြီး တွေ့ကြုံရသည့် အခြေအနေကို ပြောပြနေခဲ့သည်။

လေယာဥ်ပေါ်တွင် ၎င်းယူဆောင်လာသည့် ရေများ မရှိတော့ကြောင်းနှင့် မည်သည့်နေရာတွင် ရောက်ရှိနေကြောင်း မသိဟုလည်း ဂျက်ကော့ဘ်က ပြောထားသည်။ 

ဂျက်ကော့ဘ်က လေယာဥ်အပျက်အစီးကို ဗီဒီယိုရိုက်ကူးပြသခဲ့ပြီး လေယာဥ်ပျက်ကျသည့်နေရာမှ ပြန်ထွက်ခွာလာခဲ့ပြီး နောက်ဆုံးတွင် စမ်းချောင်းတစ်ခုမှ ရေကိုစုပ်သောက်ခဲ့သည်ကိုလည်း ၎င်း၏ဗီဒီယိုတွင် တွေ့ရသည်။

ထို့နောက် ခဏအကြာတွင် ကားတစ်စီး မောင်းနှင်လာသည်ကို ဂျက်ကော့ဘ်က တွေ့ရှိခဲ့ပြီး ထိုကားကိုတား၍ ၎င်း၏ဖြစ်စဥ်ကို ရှင်းပြခဲ့သည်။ 

နောက်ဆုံးတွင် ဂျက်ကော့ဘ်မှာ ဘေးအန္တရာယ်မှ လွတ်မြောက်ပြီး ကယ်တင်ခံခဲ့ရကြောင်း ဗီဒီယိုတွင် ရိုက်ကူးဖော်ပြထားသည်။ 

ထိုဖြစ်ရပ်အပြီး သီတင်းပတ်များအတွင်း အမေရိကန် National Transportation Safety Board နှင့် Federal Aviation Administration (FAA) တို့မှ စုံစမ်းစစ်ဆေးသူများက လေယာဥ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးခဲ့ပြီး လေယာဥ်အပျက်အစီးများကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားရှိရန် ဂျက်ကော့ဘ်ကို အမိန့်ထုတ်ခဲ့သည်။

YouTuber ဂျက်ကော့ဘ်က မည်သည့်နေရာတွင် လေယာဥ်ပျက်ကျခဲ့ကြောင်း မသိရှိဟု အစိုးရအရာရှိများကို ပြောခဲ့သော်လည်း လေယာဥ်ပျက်ကျပြီးနောက် (၂) ပတ်အကြာတွင် ၎င်းနှင့် သူငယ်ချင်းတစ်ဦးက အပျက်အစီးများကို ရဟတ်ယာဥ်တစ်စီးဖြင့် သွားရောက်ယူဆောင်ခဲ့ပြီး လေယာဥ်ပေါ်ရှိ ကင်မရာများမှ အချက်အလက်များကို ပြန်လည်ရယူခဲ့ကြကြောင်း သိရသည်။

နောက်ရက်အနည်းငယ်အတွင်း ဂျက်ကော့ဘ်က လေယာဥ်အပျက်အစီးများကို အပိုင်းအစများအဖြစ် ဖြတ်တောက်၍ Lompoc City Airport နှင့် အနီးတဝိုက်ရှိ အမှိုက်ပုံးများတွင် စွန့်ပစ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ 

FAA က ဂျက်ကော့ဘ်၏ လေယာဥ်မှူးလိုင်စင်ကို ၂၀၂၂ ခုနှစ် ဧပြီလတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ 

အသနားခံမှု သဘောတူညီချက်တွင် ဂျက်ကော့ဘ်က လေယာဥ်အပျက်အစီးများကို ဖျက်ဆီးစွန့်ပစ်ချိန်က ပြည်ထောင်စု အာဏာပိုင်များကို နှောင့်ယှက်ဟန့်တားရန် ရည်ရွယ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ကုမ္ပဏီတစ်ခုနှင့် ကြော်ငြာလက်ခံပြီး ဗီဒီယိုဖန်တီးကာ ငွေရှာခဲ့ကြောင်းလည်း ၎င်းက ထွက်ဆိုခဲ့သည်။ 

ထို့အပြင် လေယာဥ်ပျက်ကျမှုကိုလည်း ပျံတက်ပြီးနောက် (၃၅) မိနစ်ခန့်အကြာတွင် လျှပ်စစ်ဓာတ်အားစနစ် လုံးဝ မရရှိတော့သည့် ချို့ယွင်းမှုကြုံခဲ့ရပြီးနောက် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများကို လိမ်လည်ပြောခဲ့သည်ဟု ဂျက်ကော့ဘ်က ဆိုသည်။

ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးကို နှောင့်ယှက်ဟန့်တားရန် ရည်ရွယ်သည့် ဂျက်ကော့ဘ်၏ ယခုလုပ်ရပ်မှာ အမြင့်ဆုံးထောင်ဒဏ် နှစ် (၂၀) အထိ ချမှတ်နိုင်သော ရာဇဝတ်ပြစ်မှုဖြစ်ကြောင်း သိရသည်။ 

ဂျက်ကော့ဘ်က ၎င်း၏ အသနားခံ လျှောက်လဲမှုကို လာမည့် သီတင်းပတ်များအတွင်း လော့စ်အိန်ဂျလိစ်တွင် ပြုလုပ်သွားမည်ဟု မျှော်လင့်ရပြီး ထိုနောက်ပိုင်းတွင် စီရင်ချက် ချမှတ်မည်ဖြစ်သည်။

 #TachileikNewsAgency

Source: AFP