တာချီလိတ်မြို့တွင် လစဉ်ကြေး ရယူပြီး ဖွင့်လှစ်ခွင့်ပေးထားသည့် လောင်းကစားဂိမ်းခုံများကို ရဲတပ်ဖွဲ့က ခေတ္တ ပိတ်ခိုင်းထား

တာချီလိတ်မြို့တွင် လစဉ်ကြေး ရယူပြီး ဖွင့်လှစ်ခွင့်ပေးထားသည့် လောင်းကစားဂိမ်းခုံများကို ရဲတပ်ဖွဲ့က ခေတ္တ ပိတ်ခိုင်းထား

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးများ အလွယ်တကူ ရရှိနိုင်ပြီး  ဒုစရိုက်မှု ပိုမိုအဖြစ်များသည့် လောင်းကစားဂိမ်းခုံများကို တာချီလိတ်ရဲတပ်ဖွဲ့က (၁)ပတ်ဝန်းကျင် ပိတ်ခိုင်းထားကြောင်း သိရသည်။



"ဒီနေ့ရောဆို ပိတ်တာ (၃/၄)ရက်လောက်ရှိပြီး စပိတ်ခိုင်းတဲ့နေ့က အာခါဈေးနားက ဂိမ်းခုံမှာ ဓါးထိုးမှုဖြစ်တယ်လို့လည်း ကြားတယ်။ (၁)ပတ်လောက်တော့ ပိတ်ခိုင်းထားတယ်လို့ ပြောတယ်။ ဘာကြောင့်ဆိုတာတော့ အတိအကျ မသိဘူး။"ဟု ဒေသခံ တစ်ဦးက ၂၀၂၃ခုနှစ် မေလ(၅)ရက်နေ့တွင် Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ရဲတပ်ဖွဲ့ထံ လစဉ် ငွေပေးပြီး ဖွင့်လှစ်ခွင့်ရရှိထားသည့် လောင်းကစားဂိမ်းခုံများအနက် မြို့ပေါ်ရှိ လောင်းကစားဂိမ်းခုံများကိုသာ ပိတ်ခိုင်းခြင်းမှာ ထင်ကြေးအမျိုးမျိုးလည်း ထွက်ပေါ်နေသည်။

"တချို့  ဆန်ဆိုင်း၊ မယ်ခေါင် နဲ့ အာခါဈေးဘက်က ငါးဂိမ်းခုံတွေတော့ ဒီနေ့ ညနေပိုင်းမှာ ပြန်ဖွင့်နေတာတွေကို တွေ့ရတယ်။ တချို့လည်း ဆက်ပိတ်ထားတယ်။ ဖွင့်တဲ့လူတွေကလည်း တကယ်ပိုင်တဲ့လူတွေပဲပေါ့"ဟု အမည်မဖော်ဝံ့သည့် ဒေသခံတစ်ဦးက ပြောသည်။

လောင်းကစားဂိမ်းခုံများနှင့် ပတ်သက်၍ ၂၀၂၃ခုနှစ် ဧပြီလ(၁၄)ရက်နေ့ ညပိုင်းကလည်း အသက်(၅၀)ဝန်းကျင်ရှိ အမျိုးသားတစ်ဦးကို မယ်ခေါင်ရပ်ကွက်တွင်းရှိ ဂိမ်းခုံတွင် ရိုက်နှက်ပြီး လမ်းပေါ်ကို လူ(၇)ယောက်အဖွဲ့က သွားရောက် ပစ်ထားကာ နောက်တဖန်ပြန်လည် ကန်ကျောက်နှိပ်စက်ရာမှ သေဆုံးမှုအထိလည်း ဖြစ်ပွားခဲ့ရာ ထိုအမှုတွင် သက်သေအထောက်အထားအနေဖြင့် CCTV မှတ်တမ်းများရှိသော်လည်း တာချီလိတ်ရဲတပ်ဖွဲ့က (၂)ဦးကို ဖမ်ထားပြီး ငွေကြေးရယူကာ အဓိက ပါဝင်ပတ်သက်သူဟု ဆိုသူ (၅)ဦးကို အာမခံဖြင့် လွတ်ထားပေးသည်ဟုလည်း သိရသည်။



ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း မေလ(၆)ရက်နေ့ကစပြီး ပြည်ထဲရေးဝန်ကြီး နှင့် ရဲချုပ်တို့၏ ခရီးစဉ်လည်း   ရှိနေပြီး ၎င်းတို့သည် တာချီလိတ်လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး တာချီလိတ်မှ ကျိုင်းတုံ နှင့် မိုင်းဆတ်သို့ သွားရောက်နိုင်ဖွယ်ရှိကြောင်း သိရသည်။