နှစ်ပေါင်း (၆၀) ကျော်အကြာထိ မြေအောက်မီးလောင်မှု ဖြစ်ပွားနေသော လူသူကင်းမဲ့သည့် မြို့

နှစ်ပေါင်း (၆၀) ကျော်အကြာထိ မြေအောက်မီးလောင်မှု ဖြစ်ပွားနေသော လူသူကင်းမဲ့သည့် မြို့
သြဂုတ် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံအတွင်း မြို့ငယ်လေးတစ်မြို့တွင် ဆယ်စုနှစ်များကြာ မြေအောက်မီးလောင်မှု အဆက်မပြတ် ဖြစ်ပွားနေခဲ့ရာ အခြေချနေထိုင်သူ အားလုံးနီးပါး မြို့ကိုစွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရသည်။ 

အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် စင်ထရယ်လီယာမြို့လေးမှာ တစ်ချိန်က သတ္တုတွင်းလုပ်ငန်းဖြင့် စည်ကားခဲ့သော်လည်း ၁၉၆၂ ခုနှစ် မေလအတွင်း ဖြစ်ရပ်များက မြို့၏အနာဂတ်ကို ထာဝရပြောင်းလဲသွားစေခဲ့သည်။

အမှိုက်စွန့်ပစ်နေရာတစ်ခုတွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာမှ မြေအောက်အနက် ပေထောင်နှင့်ချီသည့်နေရာရှိ ဝင်္ကပါသဖွယ်ဖြစ်နေသော ကျောက်မီးသွေးသတ္တုတွင်းများ၏ လမ်းကြောင်းများတစ်လျှောက် မီးကူးစက်လောင်ခဲ့သည်။ 

ထိုစဥ်ကတည်းက မြေအောက်တွင် မီးလောင်နေမှုမှာ ယခုအချိန်အထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး နှစ်ပေါင်း (၆၀) ကျော်ပြီဖြစ်သည်။

စင်ထရယ်လီယာမြို့လေး၏ မြေအောက်တွင် မီးလောင်နေမှုကို ငြှိမ်းသတ်ရန် များစွာကြိုးပမ်းခဲ့ကြသော်လည်း မီးလောင်မှုကြောင့် ကျွံကျနေသော မြေပြင်အက်ကြောင်းများမှ ကာဗွန်မိုနော့ဆိုက် (carbon monoxide) ကဲ့သို့ အဆိပ်သင့်ဓာတ်ငွေ့များ ဆက်တိုက်ထွက်နေခဲ့ရာ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်း မရှိဘဲ အန္တရာယ်ရှိသည့်နေရာတစ်ခု ဖြစ်သွားခဲ့သည်။

၁၉၈၁ ခုနှစ်က ထိုမြို့လေးတွင် နေထိုင်သည့် အသက် (၁၅) နှစ်အရွယ် Todd Domboski အမည်ရှိ ယောက်ျားလေးတစ်ဦးမှာ ၎င်း၏ နေအိမ်နောက်ဖေး မြေကွက်လပ်တွင် ဆော့ကစားနေစဥ် တွင်းတစ်ခုအတွင်း ကျွံကျသွားခဲ့သည်။ 

၎င်း၏ ဝမ်းကွဲညီအစ်ကိုဖြစ်သူက ပေ (၁၅၀) အနက်ရှိသည့် မြေအောက်ကနေ ၎င်းကို ကယ်တင်နိုင်ခဲ့သော်လည်း ထိုဖြစ်ရပ်က စင်ထရယ်လီယာမြို့တွင် နေထိုင်ကြသူများအတွက် မြေအောက်မီးလောင်မှုက အန္တရာယ်ရှိနေကြောင်း သိသာထင်ရှားစေခဲ့သည်။

သတိပေး ဆိုင်းဘုတ်များ

ထိုမြို့လေးသို့ လာရောက်ကြသူများအတွက် အထူးတလည် အန္တရာယ်ရှိနိုင်သော နေရာများကို သိရှိစေနိုင်ရန် သတိပေး ဆိုင်းဘုတ်များထားရှိကြောင်းလည်း သိရသည်။ 

သတိပေး ဆိုင်းဘုတ်

ပထမဆုံး မီးလောင်မှုဖြစ်ပွားပြီးနောက် ၎င်းတို့၏ နေအိမ်များ ပျက်စီးသွားခဲ့ရာ ၁၉၈၃ ခုနှစ်တွင် ပြည်နယ်အစိုးရက ပြန်လည် နေရာချပေးခဲ့သည်။ 

ထို့နောက် မြို့ခံအများစုက ရွှေ့ပြောင်းသွားခဲ့ကြသည်။

စင်ထရယ်လီယာမြို့တွင် လူအများဆုံး နေထိုင်ခဲ့ကြသည့် ၁၈၉၀ ခုနှစ်တွင် လူဦးရေ (၂,၇၀၀) ရှိခဲ့ရာမှ ၁၉၈၀ ခုနှစ်တွင် လူဦးရေ (၁,၀၀၀) သို့ လျော့ကျသွားခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်တွင်မူ မြို့တွင်နေထိုင်သူ (၅) ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။ 

တိတ်ဆိတ်ခြောက်ကပ်နေသည့် စင်ထရယ်လီယာမြို့ကို ခရီးသွားများက အထူးအဆန်းအဖြစ် လာရောက်လည်ပတ် ကြည့်ရှုကြလေ့ရှိသည်။

ခရီးသွားများက နေရာတိုင်းကို စွန့်ပစ်ထားခဲ့ကြသည်ဟု ထင်မြင်ကြပြီး မြို့ခံများ၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းနှင့် မြက်ခင်းများပေါ် လမ်းလျှောက်သွားခြင်းတို့ကြောင့် စိတ်ပျက်မိကြောင်း စင်ထရယ်လီယာမြို့ခံတစ်ဦးက ၂၀၁၇ ခုနှစ်တွင် ပြောခဲ့သည်။ 

ခရီးသွားများက အမှိုက်များစွန့်ပစ်ကြပြီး မြို့တဝိုက်တွင် မှုတ်ဆေးများဖြင့် ဂရပ်ဖစ်တီပန်းချီရေးဆွဲခြင်းတို့ ပြုလုပ်ကြသည်ဟု ဆိုသည်။

ထိုမြို့လေးကို ဦးတည်သည့် အသုံးမပြုသော Route 61 လမ်းမကြီး၏ လမ်းပိုင်နေရာတစ်ခုမှာ လာရောက်လည်ပတ်သူများက ရေးဆွဲထားကြသည့် ဂရပ်ဖစ်တီလက်ရာများ အပြည့်ဖြစ်နေပြီး ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့သည်။ 

ခရီးသွားများကို တားဆီးရန် လမ်းမကို မြေသားဖြင့် ဖုံးအုပ်

သို့သော် မြို့၏ သုသာန်နေရာအထိ ဂရပ်ဖစ်တီရေးဆွဲမှုများရှိလာကြောင်း သတင်းထွက်ပေါ်ခဲ့ရာ ၂၀၂၀ ခုနှစ် ဧပြီလတွင် စင်ထရယ်လီယာမြို့ခံများက ခရီးသွားများကို တားဆီးရန် လမ်းမကို မြေသားဖြင့် ဖုံးအုပ်ခဲ့ကြကြောင်း သိရသည်။

Source: Mirror