သိန္နီမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ မိုင်းလီတပ်စခန်းကို TNLA သိမ်း၊ လားရှိုးရှိ မိုင်ကျက်တပ်စခန်းကို ဆက်တိုက်နေ

သိန္နီမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ မိုင်းလီတပ်စခန်းကို TNLA သိမ်း၊ လားရှိုးရှိ မိုင်ကျက်တပ်စခန်းကို ဆက်တိုက်နေ
အောက်တိုဘာ 30, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ မိုင်းလီတပ်စခန်းကို ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ သေနက်(၁၄)လက်၊ ပစ္စတို (၁)လက်၊ လက်ပစ်ဗုံး (၁၀)လုံး၊ ၄၀ မမ ဗုံးသီး(၁၂)လုံး၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ 

 

ထို့အပြင် ယနေ့ အောက်တိုဘာလ (၃၀)တွင်လည်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ မိုင်ကျက်တပ်စခန်းကို TNLAက ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။

လက်ရှိတွင် စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် အရပ်ဒေသ၊ တိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို့ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု၊ ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်စေရန် ခရီးသွားလာခြင်း မပြုလုပ်ကြရန် TNLAက အသိပေးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး၊ လားရှိုးနှင့် ကိုးကန့်ဒေသတလျှောက်ရှိ စစ်ကောင်စီတပ်စခန်း (၅၇)ခုကို မဟာမိတ်တပ်များက အောက်တိုဘာလ (၂၉)ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency