ဘူးသီးတောင်မြို့တွင် ထွေအုပ်ဝန်ထမ်း နှင့် ကျေးလက်ဦးစီးဌာနမှ ဝန်ထမ်းများ အပါအဝင် (၇)ဦးကို အာဏာသိမ်း စစ်တပ်က ဖမ်းဆီးသွား

ဘူးသီးတောင်မြို့တွင် ထွေအုပ်ဝန်ထမ်း နှင့် ကျေးလက်ဦးစီးဌာနမှ ဝန်ထမ်းများ အပါအဝင် (၇)ဦးကို အာဏာသိမ်း စစ်တပ်က ဖမ်းဆီးသွား
နိုဝင်ဘာ 11, 2022 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးများ အပါအဝင်  ကျေးလက်ဝန်ထမ်းများ စုစုပေါင်း (၇)ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာလ(၁၁)ရက်နေ့၏ နေ့လည်ပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့ကို ဘူးသီးတောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဘော်တလ်ယူနိုက်တက်စားသောက်ဆိုင်၌ ဘူးသီးတောင်တပ်နယ်က  လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။ 

ဖမ်းဆီးခံရသူများမှာ ထွေအုပ်စာရေးများဖြစ်သည့် ဦးမြတ်ဇော်နှင့် ဦးအောင်နိုင်စိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဇော်မျိုးသူ၊ ဦးအောင်နိုင်၊ ဦးဇော်လှိုင်ဦး၊ ဦးလွင်မျိုးသန်းနှင့် ဦးမင်းမြတ်ကျော်တို့ဖြစ်ပြီး ကျေးလက်ဦးစီးဌာနမှ ဦးဇော်မျိုးသူ တစ်ဦးတည်းကိုသာ ပြန်လွှတ်ပေးသေးကြောင်း သိရသည်။ 

ဖမ်းဆီးခံရသူများမှာ ဝန်ထမ်းများဖြစ်သော်လည်း ဒေသခံများ ဖြစ်ကြသည်ဟု သိရပြီး ၎င်းတို့ကို ဘူးသီးတောင် တပ်နယ်က မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုတော့ မသိရသေးကြောင်း သိရသည်။