မယ်ဆိုင်မြို့ရှိ ခရီးသွားများ ဆွဲဆောင်ရာ ကီလိုမိုင်တိုင် အမှတ်အသားနေရာကို ဖျက်ဆီးသူမှာ မြန်မာနိုင်ငံသားဖြစ်နေ၊ ဖမ်းခံရ အချိန်အထိ အမူးမပြေသေး

မယ်ဆိုင်မြို့ရှိ ခရီးသွားများ ဆွဲဆောင်ရာ ကီလိုမိုင်တိုင် အမှတ်အသားနေရာကို ဖျက်ဆီးသူမှာ မြန်မာနိုင်ငံသားဖြစ်နေ၊ ဖမ်းခံရ အချိန်အထိ အမူးမပြေသေး
မတ် 17, 2023 | ရှမ်းရှေ့

 တာချီလိတ်မြို့နှင့် အနီးဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်တွင် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ပြုလုပ်ထားသည့် ကီလိုမိုင်တိုင် အမှတ်အသားတစ်ခုကို ဖျက်ဆီးသူမှာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်နေကြောင်း မယ်ဆိုင်ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။



အဆိုပါနေရာကို  ၂၀၂၃ခုနှစ် မတ်လ(၁၆)ရက်နေ့ နှင့် (၁၇)ရက်နေ့အကူးပိုင်းအချိန်က ဖျက်ဆီးသွားခြင်းဖြစ်ရာ CCTV မှတ်တမ်းများအရ နံနက်(၁၀)နာရီဝန်းကျင်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူကို စစ်ဆေးရာ ၎င်းမှာ အသက်(၃၃)နှစ်ရှိ ကိုကို ဆိုသူဖြစ်ကြောင်းနှင့် ၎င်းအား နေအိမ်အခန်းငှားတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ လတ်တလော ထွက်ဆိုချက်အရ ကီလိုမိုင်တိုင် အမှတ်အသားကို မကြိုက်၍ မူးပြီးဖျက်ဆီးခြင်း ဖြစ်သည်ဟု ထွက်ဆိုထားပြီး ယခုအချိန်အထိ အမူးမပြေသေးဟုလည်း သိရသည်။

ဆက်လက်ပြီး ၎င်းအား မယ်ဆိုင်ရဲစခန်းတွင်ထားရှိပြီး စည်ပင်သာယာရေးဥပဒေဖြင့်ပါ အရေးယူနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။

 

Photo: ส่องเชียงราย