မန်တုံဆေးရုံက မီးမဖွားပေး၍ လားရှိုးဆေးရုံသို့ အသွား  လမ်းတွင် မွေးဖွားခဲ့ရသည့် ကလေးငယ် တစ်ရက်အကြာတွင် သေဆုံး

သေဆုံးခဲ့ရသည့် တစ်ရက်သား ကလေးငယ်  - Photo: မိုးသောက်ကြယ် လူမှုကူညီရေးအသင်း
သေဆုံးခဲ့ရသည့် တစ်ရက်သား ကလေးငယ် - Photo: မိုးသောက်ကြယ် လူမှုကူညီရေးအသင်း
မန်တုံဆေးရုံက မီးမဖွားပေး၍ လားရှိုးဆေးရုံသို့ အသွား  လမ်းတွင် မွေးဖွားခဲ့ရသည့် ကလေးငယ် တစ်ရက်အကြာတွင် သေဆုံး
သြဂုတ် 6, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) တအာင်း (ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ဆေးရုံမှ မီးဖွားမပေးနိုင်၍ လားရှိုးဆေးရုံလွှဲလိုက်သည့် ကိုယ်ဝန်ဆောင်မှာ ဆေးရုံအသွား ကားပေါ်တွင် မီးဖွားခဲ့ပြီး တစ်ရက်အကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့၌ ကလေးငယ် သေဆုံးသွားကြောင်း သိရသည်။

ပန်ဆွေရွာမှ ကိုယ်ဝန်ဆောင်တစ်ဦးက ၂၀၂၁ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့ နေ့လယ် (၁၁) နာရီခွဲ ဝန်းကျင်တွင် မန်တုံဆေးရုံသို့ လာပြသရာ ဆရာဝန်က စမ်းသပ်ကြည့်ပြီး မန်တုံတွင်မီးဖွားရန် အဆင်မပြေ၍ လားရှိုးဆေးရုံသွားရန်  လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်အား မိုးသောက်ကြယ်လူမှုကူညီရေးအသင်းက မန်တုံမှ မိုင် (၈၀) ကျော်အကွာရှိ လားရှိုးဆေးရုံသို့ လိုက်ပို့စဉ် ညနေ (၃) နာရီ (၂၈)မိနစ်၌ မန်တုံနှင့် နမ္မတူကြားရှိ ရုရှားတောင်သို့အရောက်၌ ကားပေါ်တွင်ပင် မီးဖွားခဲ့ရခြင်းကြောင်း သိရသည်။

ကလေးမှာ မိန်းကလေးဖြစ်ပြီး လွေးရုရှားမေဟု အမည်ပေးထားကာ သားအမိနှစ်ဦးကို နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားရာမှ ကလေးငယ်မှာ တစ်ရက်အကြာတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။