တာချီလိတ်မြို့တွင် အသက်အန္တရာယ်ကို ရန်ရှာပြီး ဆိုင်ကယ်လုယက်မှုများသည် ဆိုင်ကယ် Taxi ပြေးဆွဲသူများအထိ ဦးတည်လာ၊ ဆိုင်ကယ် Taxi ဆွဲသူများ သတိထားရန် လိုအပ်နေ

တာချီလိတ်မြို့တွင် အသက်အန္တရာယ်ကို ရန်ရှာပြီး ဆိုင်ကယ်လုယက်မှုများသည် ဆိုင်ကယ် Taxi ပြေးဆွဲသူများအထိ ဦးတည်လာ၊ ဆိုင်ကယ် Taxi ဆွဲသူများ သတိထားရန် လိုအပ်နေ

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် အသက်အန္တရာယ်ကို ရန်ရှာပြီး ဆိုင်ကယ်လုယက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေရာမှ ဆိုင်ကယ်လုယူသူများသည် ဆိုင်ကယ် Taxi  ပြေးဆွဲသူများသို့ဘက်ပါ မြှားဦးလှည့်လာနေပြီဖြစ်ကြောင်း မတ်လ(၉)ရက်နေ့၏ ဖြစ်စဉ်အရ သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် မတ်လ(၉)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်က ပါဆတ်ကားလေးကွင်းဂိတ်တွင် ကျောနံပါတ် (၈၁၄)ဖြင့် ဆိုင်ကယ်Taxi ပြေးဆွဲနေသည့် ကိုကျင်လျှန်းခိုင်ကို ရွှေနဂါး(၈၈)ရှေ့၌ ခရီးသည်တစ်ဦးက လွယ်စတုံသွားလမ်း ပုံလို့သုဿန်အနီးသို့ ပို့ဆောင်ပေးခိုင်းကြောင်း သိရသည်။

ကိုကျင်လျှန်းခိုင်မှာ ခရီးသည်မှ ပို့ခိုင်းသည့်အတိုင်း လိုက်ပါ ပို့ဆောင်ပေးနေစဉ် ကျိုက်ထီးရိုးစေတီ အကျော် အရောက်၌ ခရီးသည်က ၎င်းတွင် အသင့်ပါလာသည့် ဓါးဖြင့် ထိုးရာ ကိုကျင်လျှန်းခိုင်မှာ ဆိုင်ကယ်အား ချက်ချင်းလှဲချလိုက်ပြီး ရှောင်တိမ်းလိုက်သည့်အတွက် ဓါးဖြင့် အထိုးမခံလိုက်ရသော်လည်း ခရီးသည်က ဆက်လက်ပြီး အသင့်ပါလာသည့် လေးဂွကို ထုတ်၍ ပစ်ခတ်သည့်အတွက် ကိုကျင်လျှန်းခိုင်၏ နဖူးနှင့် ညာဖက်ဂျိုစောင်းတို့မှာ ပေါက်သွားကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခရီးသည်မှ လေးဂွဖြင့် ထုတ်ပစ်ချိန်တွင်လည်း ကိုကျင်လျှန်းခိုင်က နီးရာ ခဲဖြင့် ပြန်လည် ခုခံ ပစ်ပေါက်သည့်အတွက်  နဖူးနှင့် ညာဖက်ဂျိုစောင်း ဒဏ်ရာရသည်ကလွဲ၍ အခြားဘာမှမဖြစ်လိုက်ကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး "ရွှေတာချီအသင်းသား များအနေဖြင့် ခရီးသည် ပို့ဆောင်ရာတွင် (နေ့/ည) မည်သည့်အချိန်တွင် မဆို မိမိအန္တရယ်ကို ကြိုတင်ကာကွယ်သော အနေဖြင့် စဥ်းစားချင့်ချိန်၍ ပို့ဆောင်ကြပါရန် အသိပေး နိုးဆော်အပ်ပါသည်။"ဟု မတ်လ(၁၀)ရက်နေ့ ညနေပိုင်းက အသိပေး ထုတ်ပြန်ထားသည်။

တာချီလိတ်မြို့တွင် ခရီးတို ပို့ဆောင်ရေးအဖြစ်   လူမှုကူညီရေးအသင်း(တာချီလိတ်)အမည်ကနေ "ရွှေတာချီလူမှုကူညီရေးအသင်း"နှင့် "ရွှေတာချီ ခရီးသွားလုပ်ငန်း"အမည်ဖြင့် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကနေ ပြောင်းလဲကာ  ဆိုင်ကယ် Taxi ပြေးဆွဲခြင်း လုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေလျက်ရှိရာ ရွှေတာချီခရီးသွားလုပ်ငန်းတွင် ဆိုင်ကယ်ဂိတ်ပေါင်း (၆၄)ဂိတ်ရှိပြီး ဆိုင်ကယ် Taxi ပြေးဆွဲသူ (၉၀၀)ကျော်ရှိကြောင်း သိရသည်။ 



ရွှေတာချီလူမှုကူညီရေးအသင်း၏ ရွှေတာချီခရီးသွားလုပ်ငန်းအနေဖြင့်  ဆိုင်ကယ် Taxi သမားများ၏ ကူညီထောက်ပံ့မှုများနှင့် ပတ်သက်၍ အသင်းသားနာရေး၊ မိသားစုဝင်နာရေး၊ ကျန်းမာရေး နှင့် လူမှုရေး စသည့် ကိစ္စရပ်များတွင်  ထိုင်းဘတ်ငွေ (၁၀,၀၀၀), (၅,၀၀၀), (၃,၀၀၀),(၂,၀၀၀) စသည်ဖြင့် သတ်မှတ်ချက်များအလိုက် ထောက်ပံ့ကူညီနေလျက်ရှိရာ ယခုဖြစ်စဉ်နှင့် ပတ်သက်၍လည်း ရွှေတာချီခရီးသွားလုပ်ငန်းက ကိုကျင်လျှန်းခိုင်အား ဆေးဝါးကုသနိုင်ရန်အတွက် ထိုင်းဘတ်ငွေ (၁၅၀၀) ထောက်ပံ့ကူညီလိုက်ကြောင်း သိရသည်။ 



တာချီလိတ်မြို့တွင် ယခု (၂)နှစ်တာ ကာလအတွင်း၌ တုတ်၊ ဓါးများ အသုံးပြု၍ အသက်အန္တရာယ်ကို ရန်ရှာကာ နေ့ရော ညပါ ဆိုင်ကယ်လုယက်မှုများ နှင့် ပိုက်ဆံအိတ် လူယက်မှုများ ဖြစ်ပွားနေလျှက်ရှိရာမှ ယခုအခါမှာ ဆိုင်ကယ် Taxi ဆွဲသူများကိုသူပါ အသက်အန္တရာယ်ပြုပြီး ဆိုင်ကယ်လုရန်ကြိုးစားသည့် ဖြစ်စဉ်များ ဖြစ်လာနေသည်။

တာချီလိတ်မြို့တွင် နေ့စဉ် နီးပါး နေ့ရော ညပါ ခိုး ဆိုး လုယက်မှုများ ဖြစ်ပွားနေသော်လည်း ဒေသလုံခြုံရေးကို တာဝန်ယူထားသူများဟုဆိုသည့် တာချီလိတ်တပ်နယ်နှင့်ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးအရေးယူခြင်းမရှိဘဲ မျက်ကွယ်ပြုထားလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။