ရန်ကုန်တွင် ဆေးခြောက်ဖြင့် ပြုလုပ်သည့် Cookie မုန့်ထုတ်လုပ် ရောင်းချသူ (၂)ဦး  သတင်းပေးကြောင့် ဖမ်းဆီးခံရ

ရန်ကုန်တွင် ဆေးခြောက်ဖြင့် ပြုလုပ်သည့် Cookie မုန့်ထုတ်လုပ် ရောင်းချသူ (၂)ဦး  သတင်းပေးကြောင့် ဖမ်းဆီးခံရ

 ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ဆေးခြောက်များကို Cookie မုန့်အဖြစ် ပြုလုပ်ရောင်းချသူ (၂)ဦး သတင်းပေးကြောင့် ဖမ်းဆီးခံရကြောင်း သိရသည်။



လမ်းမတော်မြို့နယ်အတွင်း နေအိမ်တိုက်ခန်းတွင် ဆေးခြောက်အမှုန့် (၁၀၉)ဂရမ်ထည့်ပြီး ပြုလုပ်ထားသည့် Cookie မုန့် (၅၀)ခု နှင့် မုန့်ပြုလုပ်သည့် စက်အပါအဝင် ဆေးခြောက်ရှုရာတွင် အသုံးပြုသည့် ဆေးဂေါက်တံတစ်ခုတို့ကို သတင်းပေးကြောင့် ၂၀၂၃ခုနှစ် မတ်လ(၈)ရက်နေ့၏ ညနေပိုင်းက ဖမ်းဆီးရမိသည်ဟု အာဏာသိမ်းစစ်ကောင်စီက မတ်လ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဆေးခြောက်များဖြင့် ပြုလုပ်ထားသည့် Cookie များနှင့်အတူ ဖမ်းဆီးခံရသည့် အသက်(၂၄)နှစ်ရှိ ထက်ရတနာစိုး နှင့် အသက်(၂၁)နှစ်အရွယ် ဇော်လင်းနောင်တို့၏ ထွက်ဆိုချက်အရ အဆိုပါ မုန့်များကို ဆေးလျှောက် ထည့်သွင်းမှု အနည်းအများပေါ် မူတည်ပြီး တစ်ခုလျှင် ကျပ်(၆,၀၀၀)မှ ကျပ်(၁၀,၀၀၀)အထိ အွန်လိုင်းကနေ ရောင်းချကြောင်းနှင့် ဆေးခြောက်များကို အွန်လိုင်ကတဆင့် မြန်မာ - ထိုင်းနယ်စပ် မြဝတီဘက်သို့ မှာယူခြင်းဖြစ်သည်ဟု သိရသည်။

ဆက်လက်ပြီး ၎င်းတို့ (၂)ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေများဖြင့် အရေးယူရန် စစ်ကြောနေကြောင်း သိရသည်။ 

 

ဆေးခြောက်များကို မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင်  ကျန်းမာရေးအတွက် တရားဝင် အသုံးပြုခွင့် ပေးထားပြီးဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့် မပြုထားသေးပေ။