မိုင်းယော်တိုက်နယ်အတွင်း ဂျာယန်ပြည်သူ့စစ်စခန်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အင်အား ဖြည့်နေ၍ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မိုင်းယော်တိုက်နယ်အတွင်း ဂျာယန်ပြည်သူ့စစ်စခန်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အင်အား ဖြည့်နေ၍ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း မိုင်းယော်တိုက်နယ်၊ ဟိုခိုကျေးရွာအုပ်စုအတွင်း ဂျာယန်ကျေးရွာရှိ ဂျာယန်ပြည်သူ့စစ်စခန်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၉)ရက်နေ့ နံနက်ပိုင်းက အင်အားဖြည့်နေသည့်အတွက် ဒေသခံအချို့က တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“သူတို့နေတဲ့ နေရာနဲ့ ရွာနဲ့က နီးနီးလေးပဲ။ လှမ်းမြင်နေရတယ်။ ဆိုင်ကယ်နဲ့ဆို (၁၀)မိနစ်လောက်ပဲ။ မနေ့ညလည်း သေနတ်သံတွေကြားရတယ်။ လားရှိုးမှာ အိမ်ရှိတဲ့သူတော့ လားရှိုးသွားကုန်ပြီ။ စာရင်းအတိအကျတော့ သေချာမသိရဘူး”ဟု မန်ကောင်းကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဂျာယန်ပြည်သူ့စစ် စခန်းအနီးရှိ နမ့်မော်ကျေးရွာအနီး ဝန်းကျင်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရောက်ရှိနေပြီး ၎င်းတို့ (၂)ဖွဲ့အကြား တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြခြင်းလည်းဖြစ်သည်။ 

"တကယ်လို့ တအာင်းတပ်ဖွဲ့(TNLA)က ဂျာယန်ပြည်သူ့စစ်စခန်းထဲ ဝင်စီးတာတွေ လုပ်ဆောင်ရင် တအာင်းကျေးရွာထဲက နေအိမ်တွေကို မီးရှို့ပြစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားတယ်"ဟု  အဆိုပါ အမျိုးသားက ဆက်လက် ပြောပြသည်။

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တုန်းက ဂျာယန်ပြည်သူ့စစ်စခန်းတွင်  စစ်သင်တန်းတက်နေရသည့် အသက်မပြည့်သေးသည့် ကလေးသူငယ်များ အပါအဝင် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA က သွားရောက်ကယ်တင်ချိန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လာရောက် ပစ်ခတ်ကူခြင်းကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသေးသည်။