ဘော်တွင်းသတ္တုတွင်း၌ စက်ယန္တရားကြီးများနှင့် နေ့ည မပျက်တူးဖော်နေသလို မိုင်းခွဲမှုများကြောင်း အနီးအနားရှိ ကျေးရွာများမှ ဒေသခံများအတွက် အခက်တွေ့နေ

ဘော်တွင်းသတ္တုတွင်း၌ စက်ယန္တရားကြီးများနှင့် နေ့ည မပျက်တူးဖော်နေသလို မိုင်းခွဲမှုများကြောင်း အနီးအနားရှိ ကျေးရွာများမှ ဒေသခံများအတွက် အခက်တွေ့နေ

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ နမ္မတူမြို့နယ်အတွင်းရှိ ဘော်တွင်း၌ နေ့ရောညပါ စက်ယန္တရားများဖြင့် သတ္တူတူးဖော်နေခြင်းကြောင်း အနီးပတ်ဝန်းကျင်ရှိ ဒေသခံများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ 



သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် စက်ယန္တရားများဖြင့် နေ့ရော ညပါ လုပ်ဆောင်နေခြင်းကြောင်း ပတ်ဝန်းကျင်အတွက် ဆူညံမှုများဖြစ်ပေါ်သလို  မကြာခဏမိုင်းခွဲခြင်းများကြောင်းလည်း သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအတွက် အထိတ်တလန့်ဖြစ်နေရကြောင်း ဒေသခံများက ဆိုသည်။ 

"သူတိုလုပ်တာတော့ ကြာပြီ။ ဒါပေမဲ့ ဒီ (၃) (၄)ညတော့  အသံပိုကြားရတယ်။ သူတို့ညဘက် လုပ်တာပိုများတယ်ဆိုတော့  ကျွန်မတို့ လူငယ်တွေအတွက်က အဲလောက်မသိသာပေမဲ့ ရေရှည်ဆိုရင် လူကြီးတွေရဲ့ ကျန်းမာရေးကို ထိနိုင်တယ်လေ။ ညညဆို သူတို့ရဲ့ ကားမီးတွေက ရွာတစ်ရွာနဲ့ တောင်တူတယ်" ဘော်တွင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သတ္တူတွင်း လုပ်ငန်းသုံး ကားကြီးများမှာ ဘော်တွင်းသတ္တုတွင်းကနေ နမ္မတူမြိုတွင်းရှိ စက်ရုံသို့ သတ္တူများ သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်သည်ဟုသိရသည်။ 

"နေ့ည ဖြတ်နေတော့ အရမ်းဆူညံတယ်။ ကားတွေက အကြီးကြီးဆိုတော့ သူတို့သွားရင် လမ်းတစ်ခုလုံးပြည့်တယ်။ ညအိပ်ရင်လည်း အိပ်မရဘူး။ တညလုံးဘဲ။ ကြာလာရင် ကျန်းမာရေး ထိခိုက်လာမှာကို ကြောက်တယ်"ဟု နောက်ထပ် ဒေသခံ တစ်ဦးက ဆိုသည်။ 

တစ်ရက်ကို အနည်းဆုံး ယာဉ်အစီးရေ (၁၅ )စီး ဝန်းကျင်ခန့် သတ္တုတင်ဆောင်သည့် အဆိုပါ ယာဉ်များသည်  နမ္မတူ-မန်တုံ လမ်းမပေါ်တွင်လည်း ယာဉ်/လမ်း စည်းကမ်းလိုက်နာခြင်းမရှိဘဲ ဖြတ်သွား ဖြတ်လာလုပ်ခြင်းကြောင့်  လမ်းပေါ်လည်း  ပြေးဆွဲသွားလာနေတဲ့ ယာဉ်များအတွက်လည်း အခက်အခဲဖြစ်စေကြောင်း ခရီးသဉ်တင်ယာဉ်မောင်းများက ဆိုသည်။



"ကားကြီးတွေများနေတော့ သွားလာရတာ အချိန်ကြာတယ်။ တခါတလေ ခရီးသည်တွေ လွတ်လိုက်ရတယ်။ ကားကြီးတွေနဲ့တိုးရင် ကိုယ့်ကားဘဲ ဘေးထိုးရတာ။ လမ်းအကွေ့အတက်တွေ များတဲ့နေရာဆို တလိမ့်ချင်း သွားရတာ။ သူတိုနဲ့တိုးရင် တကယ်မလွယ်ဘူးလေ။ အခုဆို လမ်းတွေလည်း အရင်ကထက် ပျက်စီးလာတယ်"ဟု  နမ္မတူ - မန်တုံသို့ ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် ဘော်တွင်း၌ သတ္တုတူးဖော်နေသည့် ကုမ္ပဏီသည် ဝင်းမြင့်မိုရ်ကုမ္ပဏီဖြစ်ပြီး ၂၀၂၀ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ လုပ်ပိုင်ခွင့်လိုင်စင် ရရှိထားခြင်း ဖြစ်ကြောင်းနှင့် ၎င်းကုမ္ပဏီသည်  လုပ်ခလစာနှင့် ပတ်သက်ပြီး ကုမ္ပဏီနှင့် အလုပ်သမားများအကြား အငြင်းပွားမှု ရှိနေကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများက ပြောသည်။

 

Photo: CJ