ရုရှားနှင့်စစ်ပွဲတွင် အနိုင်ရရန် နောက်ထပ်လက်နက်များ ပေးပို့ကူညီမည်ဟု ယူကရိန်းမဟာမိတ်များ ကတိပြု

ရုရှားနှင့်စစ်ပွဲတွင် အနိုင်ရရန် နောက်ထပ်လက်နက်များ ပေးပို့ကူညီမည်ဟု ယူကရိန်းမဟာမိတ်များ ကတိပြု
By Mr John

 ရုရှားက အင်အားအလုံးအရင်းဖြင့် ပြန်လည် စတင်လိုက်သည့် ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် နောက်ထပ် လက်နက်များ ပေးပို့သွားမည်ဟု ယူကရိန်း၏ မဟာမိတ်နိုင်ငံများက ကတိပြုခဲ့ကြောင်း သိရသည်။

ဧပြီ (၁၉) ရက်နေ့က မိနစ် (၉၀) ကြာ အွန်လိုင်းအစည်းအဝေးတွင် အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံတွေက အမြောက်၊ တင့်ကားဖျက်လက်နက်နှင့် လေကြောင်းကာကွယ်မှု အကူအညီများ ပေးပို့သွားမည်ဟု ပြောခဲ့ကြသည်။



နိုင်ငံအရှေ့ပိုင်းတွင် ရုရှားက ထိုးစစ်ဆင်မှုအသစ် အကြီးအကျယ် လုပ်ဆောင်နေရာ ခုခံကာကွယ်ရေးအတွက် လက်နက်အကူအညီ လိုအပ်နေကြောင်း ယူကရိန်းက ပြောထားသည်။

နိုင်ငံအရှေ့ပိုင်းမှာ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုတွေအပေါ် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ဒွန်ဘတ်စ်တိုက်ပွဲ စတင်ပြီဟု ပြောခဲ့သည်။

Luhansk နှင့် Donetsk နယ်မြေများပါဝင်သည့် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ရုရှားက အဓိက အာရုံစိုက်ပြီး စစ်အင်အားအလုံးအရင်း ဖြည့်တင်းပြီး တိုက်ခိုက်နေသည်။

 



ယူကရိန်း၏ အဆိုအရ ရုရှားတပ်ဖွဲ့တွေက မိုင် (၃၀၀) ရှိသည့် ရှေ့တန်းတစ်လျှောက်ရှိ ယူကရိန်းနေရာ‌များကို ဧပြီ (၁၈) ရက်နေ့မှစပြီး တိုက်ခိုက်နေသည်ဟု သိရသည်။

ထိုသို့ တိုက်ခိုက်မှုအသစ်များ ပြင်းထန်လာနေစဥ် အနောက်အုပ်စုခေါင်းဆောင်တွေက ယူကရိန်းအတွက် နောက်ထပ် စစ်ရေးအကူအညီပေးရန် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။



ထိုဆွေးနွေးမှု နောက်ပိုင်း ယူကရိန်းသို့ နောက်ထပ် စစ်လေယာဥ်နှင့် လေယာဥ်အစိတ်အပိုင်းများ ပေးပို့ခဲ့ကြောင်းနှင့် ပျက်စီးနေသည့် ယူကရိန်းစစ်လေယာဥ်တွေကို ပြင်ဆင်မှုများလုပ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောသည်။

အမေရိကန်က ယူကရိန်းသို့ စစ်လေယာဥ်များ ထောက်ပံ့ခဲ့ခြင်း မရှိကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောခဲ့ပြီး မည်သည့်နိုင်ငံက စစ်လေယာဥ်ပေးခဲ့ကြောင်း အသေးစိတ်ကိုမူ ထုတ်ဖော်မပြောခဲ့ဟု ဆိုသည်။

ဆိုဗီယက်ထုတ် လေကြောင်းကာကွယ်ရေးစနစ်နှင့် တိုက်လေယာဥ်များ ထောက်ပံ့ပေးရန် ယူကရိန်းသမ္မတဇီလန်းစကီးက အမေရိကန်ကို ပန်ကြားခဲ့ပြီး ထို့သို့ မထောက်ပံ့ပါက ယူကရိန်းကောင်းကင်တွင် လေယာဥ်မပျံသန်းရဇုန်တစ်ခု သတ်မှတ်ပေးရန်လည်း ၎င်းက‌ ပြောထားခဲ့သည်။



ရုရှားကျူးကျော်စစ်၏ အဓိက ရည်မှန်းချက်မှာ ဒွန်ဘတ်စ်ဒေသကို တိုက်ခိုက်သိမ်းပိုက်ရန်ဖြစ်သည်ဟု ဆိုသည်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ တိုက်ပွဲမှာ စစ်ပွဲ၏ အဆုံးအဖြတ် ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ဖေဖေါ်ဝါရီ (၂၄) ရက်နေ့တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မှုနှင့်အတူ ယခုစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယူကရိန်းမှ ထွက်ပြေးကြရသည့် စစ်ဘေးရှောင်ဦးရေ ၅ သန်းကျော် (၅,၀၁၀,၉၇၁) ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး United Nations High Commissioner for Refugees (UNHCR) က ဧပြီ (၂၀) ရက်တွင် ပြောသည်။



Source: BBC