အမျိုးဘာသာ၊ သာသနာ စစ်ကောင်စီတပ်က စစ်သင်တန်းပေးထားသည့် မူဆလင်တပ်သား တစ်ရာကျော် AA ထံ အလံဖြူထောင်

အမျိုးဘာသာ၊ သာသနာ စစ်ကောင်စီတပ်က စစ်သင်တန်းပေးထားသည့် မူဆလင်တပ်သား တစ်ရာကျော် AA ထံ အလံဖြူထောင်

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်သင်တန်းပေးထားသည့် မူဆလင်တပ်သားရာနှင့်ချီပြီး အာရက္ခတပ်တော် AAထံ အလံဖြူထောင် အလင်းဝင်လာကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်က စစ်သင်တန်းပေးထားသည် ရာနှင့်ချီသော မူဆလင်တပ်သားများသည် အလံဖြူထောင်၍ အလင်းဝင်လာခြင်းဖြစ်ပြီး ဓာတ်ပုံပါ ရက်စွဲအရ ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့တွင်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ‌တွင် "ရဲရဲတောက် ဒို့ဘင်္ဂလီတွေ သတ္တိခဲတွေ ရာဇဝင်ထွန်းလောက်အောင် စွမ်းတယ် ဒို့တိုင်း ဒို့ပြည် လွတ်လပ်ရေးကို အာဇာနည်သွေးတွေ အရိုးကြေကြေ ဒို့ပြည် ဒို့မြေ ခေတ်ဆွေးကိုပြောင်းပြန် ခေတ်သစ်ကိုစီမံ လွတ်လပ်ဖို့ အဓိဌာန်ညီစေနော် ဒို့ရဲဘော် ချီတက်ကြစို့ တူပျော်ပျော် ဘယ် -- ညာ -- ဘယ် -- ညာ။"ဟုရေးသားကာ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Tachileik News Agency အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ မေးမြန်းထားဆဲ ဖြစ်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများတွင် အာရက္ခတပ်တော်(AA)အား တိုက်ခိုက်ရန် မူဆလင်ဒုက္ခသည် စခန်းများရှိ မူဆလင်ရာနှင့်ချီကို ခေါ်ယူကာ စစ်သင်တန်းပေးထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၂၀)ရက်နေ့က ရသေ့တောင်မြို့ အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းများကို AA က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီ၏ မွတ်စလင်တပ်သား အများအပြား သေဆုံးခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်း မည်သူကိုမဆို စစ်ကောင်စီတပ်သားအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က မတ်လ ၂၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

#TachileikNewsAgency

Photo: Twan Mrat Naing