တောင်ကြီးမြို့တွင် နှစ်ပေါင်း(၂၀)ကျော်အကြာ တရားဝင် ငှားရမ်းကာ ဆိုင်ခန်းဖွင့်လှစ်နေထိုင်သူများ၏ နေရာများကို စစ်တပ်က သနားညှာတာမှု ကင်းမဲ့ကာ ဘူဒိုဇာများဖြင့် ရှင်းလင်း ဖယ်ရှား

တောင်ကြီးမြို့တွင် နှစ်ပေါင်း(၂၀)ကျော်အကြာ တရားဝင် ငှားရမ်းကာ ဆိုင်ခန်းဖွင့်လှစ်နေထိုင်သူများ၏ နေရာများကို စစ်တပ်က သနားညှာတာမှု ကင်းမဲ့ကာ ဘူဒိုဇာများဖြင့် ရှင်းလင်း ဖယ်ရှား
ဇန်နဝါရီ 28, 2023 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် တပ်ရင်းတပ်ဖွဲ့ (၅)ခု ပိုင်ဆိုင်သော တပ်ပိုင်မြေများပေါ်  စာချုပ်စာတမ်းများဖြင့် တရားဝင် နှစ်ပေါင်း(၂၀)ကျော်အကြာ ဖွင့်လှစ်ထားသည့် ဆိုင်ခန်းနေရာများထဲက နေရာ(၅)နေရာကို  စစ်တပ်၏ ခိုင်းစေမှုဖြင့် စစ်တပ်နှင့်ရဲတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယနေ့ ဇန်နဝါရီလ(၂၈)ရက်နေ့ နံနက်အစောပိုင်းက စပြီး ဘူဒိုဇာများဖြင့် လာရောက် ဖျက်ဆီး ဖယ်ရှားသွားကြောင်း သိရသည်။

 

"ဒီမနက်ပဲ သူတို့ ဖျက်ကြတာ။ စစ်တပ်၊ ရဲ၊ ထွေအုပ်တွေပါတယ်။ သူတို့ပြောတာက (၂၈)ရက်နေ့ အပြီး ဖယ်ပေးလို့ပြောပြီး (၂၈)ရက်နေ့ မနက်အစောပိုင်းမှာ ဖျက်ကြတယ်။ အိမ်မရှိလို့ ဆိုင်ထဲမှာပဲ နေတဲ့လူတွေက ပိုများတယ်။ အားလုံး  ဒုက္ခရောက်နေကြပြီ"ဟု ဆိုင်ခန်းပိုင်ရှင် တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

ကရင်မရေထွက်ရှိ ဆေးတပ် အပါအဝင် အမှတ် (၂၆၂) တပ်ထိန်း၊ တပ်မတော်စစ်သားစု ဆောင်းရေးတပ်ဖွဲ့ရုံး (တောင်ကြီး) နှင့် GE တပ် အပါအဝင် နေရာ(၅)နေရာရှိ ဆိုင်ခန်းနေရာများကို ယနေ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့ နံနက်အစောပိုင်းက စပြီး ဘူဒိုဇာများဖြင့် ဖယ်ရှားခြင်း ဖြစ်သည်။

 

အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်ပိုင် ဆိုင်ခန်းနေရာ အပါအဝင် အမှတ်(၂) စစ်မြေပြင်ဆေးတပ်ရင်း၊  GE  တပ်၊ အမှတ်(၉၅၆) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) အမှတ် (၃) တပ်ဆွယ်၊ တပ်မတော်စစ်သားစု ဆောင်းရေးတပ်ဖွဲ့ရုံး (တောင်ကြီး)၊ အမှတ် (၂၆၂) တပ်ထိန်းပိုင် နေရာများတွင် ယနေ့အချိန်အထိ ဆိုင်ခန်းပေါင်း (၅၁၁)ခန်းရှိရာတွင် အဆိုပါ ဆိုင်ခန်းများပေါ်တွင် မှီတင်းနေထိုင်ကြသည့် အိမ်ထောင်စု စုစုပေါင်းမှာ (၄၀၀)ကျော်ရှိကြောင်း သိရသည်။

၁၉၉၄ ခုနှစ် ဝန်းကျင်ကတည်းက စစ်တပ်က ရန်ပုံငွေရရှိရေးအတွက် ဒေသခံများကို စာချုပ်စာတန်းများဖြင့် မြေအငှားချပေးပြီး ဆိုင်ခန်းများဆောက်လုပ်ခွင့်ပြုကာ ဈေးများရောင်းချခွင့်ပြုထားရာမှ နှစ်ပေါင်း(၂၀)ကျော်လာပြီးနောက် စာချုပ်သက်တမ်းပြည့်သွားပြီဟုဆိုကာ ဖယ်ရှားခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။

ဈေးဆိုင်ခန်း ပိုင်ရှင်များက အဆိုပါ နေရာများတွင် ဆက်လက်ဖွင့်လှစ်ရောင်းချလိုကြောင်းနှင့် စာချုပ်သက်တမ်းများလည်း တိုးခွင့်ရလိုကြောင်း အသနာခံစာ အဆင့်ဆင့် တင်ပြသော်လည်း စစ်တပ်၏ လစ်လျူရှူမှုကို ခံရပြီးနောက် ယနေ့တွင် ဘူဒိုဇာများဖြင့် ထိုးချဖျက်ဆီးကာ ဖယ်ရှားခံရခြင်း ဖြစ်ကြောင်း သိရသည်။

 

ဆိုင်ခန်းပေါင်း (၅၁၁)ခန်း၏ နေရာများတွင် မှီတင်းနေထိုင်ကြသည့် အိမ်ထောင်စု (၄၀၀)ကျော်တွင် အငြိမ်းစားဝန်ထမ်းများ နှင့် လစာနည်း ဝန်ထမ်းများအပါအဝင် လက်လုပ် လက်စားမိသားစုဝင်များနှင့် ဆင်းရဲနွမ်းပါးသူ အများစု ပါဝင်သလို ကျောင်းသား ကျောင်းသူများလည်း (၁၀၀)ကျော် ပါဝင်ကြောင်း နှင့် ၎င်းတို့မှ ယခုနေရာကနေ ဖယ်ရှားပေးရပါက နေစရာ အခြားမရှိကြောင်း သိရသည်။

အဆိုပါ နေရာများသည် တပ်ပိုင်မြေဖြစ်၍ စစ်တပ်က သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာခဲ့ကြသလို မြေငှားရမ်းခကိုလည်း စစ်တပ်က သတ်မှတ်ထားသည့်အတိုင်း မပျက်မကွက်ပေးသွင်းခဲ့ကြသူများဖြစ်ကြောင်း နှင့် အရပ်သားအစိုးရလက်ထက်တုန်းက စစ်တပ်က ဖယ်ရှားပေးရန် ပြောဆိုမှုများသာ ရှိပြီး ချင့်ချိန်မှုများရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် သနားညှာတာစိတ် ကင်းမဲ့ကာ  မိသားစု(၄၀၀)ကျော်၏ စားဝတ်နေရေးကို လစ်လျူရှူပြီး  ဖယ်ရှားခြင်း ဖြစ်သည်ဟုလည်း သိရသည်။

"ကျွန်မတို့က ဒီမြေကို အပိုင်စီးတာလည်း မဟုတ်သလို၊ တဆင့်ပြန်ရောင်းချတာလည်း မလုပ်ရပါဘူး။ ဒီနေရာကနေ ပဲ ကျွန်မတို့ရဲ့ မိသားစု ဝမ်းရေးကို ဖြေရှင်းရေတာ။ ဒါတွေကို သနားငဲ့ညာတဲ့အနေနဲ့ ဆက်လက်ခွင့်ပြုပေးစေချင်ပါတယ်။ အဲ့အတွက်လည်း အဆင့်ဆင့် တင်ပြ အသနားခံခဲ့တာ။ ဘယ်လိုမှ အသနားခံလည်းမရခဲ့ဘူး"ဟု ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

       

စစ်တပ်သည် ကာကွယ်ရေးအတွက်ဟု အကြောင်းပြကာ မြန်မာနိုင်ငံအတွင်း၌ မြေသိမ်းယူထားမှုများမှာ အခြားဌာနများထက် အများဆုံးဖြစ်သလို မြို့ပေါ်  နေရာကောင်းများတွင်လည်း အများအပြား သိမ်းယူထားခြင်း ဖြစ်သည်။