ဟုမ္မလင်းမြို့နယ်အတွင်း တော်စီကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်  စခန်းကုန်းကို PDF က တိုက်ခိုက် သိမ်းပိုက်

ဟုမ္မလင်းမြို့နယ်အတွင်း တော်စီကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်  စခန်းကုန်းကို PDF က တိုက်ခိုက် သိမ်းပိုက်
ဇန်နဝါရီ 28, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တော်စီရွာအတွင်း စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (Shanni Nationalities Army - SNA) ၏ ပွိုင့်ကုန်းနှင့်ဂိတ်စခန်းများကို People's Defence Force - PDF ပူးပေါင်းစစ်ကြောင်းများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

People's Defence Force - PDF၏ ခန္တီးခရိုင် PDF အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်များဖြစ်ကြသည့် HPDF 124၊ HPDF၊ HPDF မိုးကြိုး ပူးပေါင်းစစ်ကြောင်းများက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ဂိတ်စခန်းနှင့် ပွိုင့်ကုန်းကို ဖျက်ဆီးခဲ့ကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည်။

“(စခန်းကုန်းဝင်စီးချိန်) စစ်ကောင်စီဘက်က စနိုက်ပါတစ်ယောက် ကျတယ်လို့တော့ အတည်ပြုလို့ရတယ်၊ တိုက်ပွဲမှာ ဗိုက်ပွင့်ပြီး ဆေးရုံရောက်တဲ့အချိန်မှာ နောက်တစ်ယောက်ထပ်ကျတယ်လို့တော့ မြေပြင်သတင်းရထားပါတယ်” ဟု ခန္တီးခရိုင် အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက  Tachileik News Agency သို့ ပြောသည်။ 

ဟုမ္မလင်းမြို့ပေါ် နှင့် မိုင် (၅၀)ခန့်ဝေးသည့် ယင်းပွိုင့်စခန်းကုန်းတွင် စစ်ကောင်စီအဖွဲ့နှင့် SNA အဖွဲ့တို့ ပူးပေါင်းတပ်စွဲထားပြီး တော်လှန်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ချိန်တွင် ထွက်ပြေးသွားသူများရှိသည့် အတွက် စခန်းကုန်းအား သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ် ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီနှင့် SNA အဖွဲ့များကို PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေပြီး ယခုနှစ် ဇန်နဝါရီ (၅)ရက်က တိုက်ပွဲများပြင်းထန်ခဲ့ပြီး SNA ဘက်က စစ်ကြောင်းမှူးအပါ (၈)ဦး သေဆုံးခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် PDF ပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းစဉ် အလောင်း (၂)လောင်းနှင့် လက်နက်ခဲယမ်းများအပြင်၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းမိခဲ့ကြောင်း သိရသည်။

တော်စီကျေးရွာအနီးတွင်ရှိသည့် SNA စခန်းကုန်းကို KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးဒဏ်ရာရရှိသည်ဟု ရှမ်းနီသတင်းဌာနနှင့် စစ်ကောင်စီကျောထောက်နောက်ခံမီဒီယာများတွင် ဖော်ပြသည်။