မြောင်မြို့နယ်တွင် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလာသူ ရဲတပ်သားအား ဒေသကာကွယ်ရေးအဖွဲ့များက ကျပ်(၄၅)သိန်း ချီးမြှင့်

Photo: YFPDF
Photo: YFPDF
မြောင်မြို့နယ်တွင် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလာသူ ရဲတပ်သားအား ဒေသကာကွယ်ရေးအဖွဲ့များက ကျပ်(၄၅)သိန်း ချီးမြှင့်
နိုဝင်ဘာ 20, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေကြီး၊ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာရှိ ကျောက်ရစ်ရဲကင်းစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုလာ၍ ဒေသကာကွယ်ရေးအဖွဲ့များက ဆုငွေကျပ် (၄၅)သိန်း ချီးမြှင့်ပြီး လွတ်မြောက်ရာ အရပ်ကို ပို့ဆောင်ပေးခဲ့ကြောင်း ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် YFPDF က သတင်းထုတ်ပြန်ထားရှိသည်။

ကျောက်ရစ်ရဲကင်းစခန်းမှ ကိုယ်ပိုင်အမှတ် လ၂၇၄၁၈၅ ကိုင်ဆောင်ထားသူ ရဲတပ်သား မောင်ထက်သူရသည် G3 သေနတ်တစ်လက်၊ ကျဉ်အတောင့်(၁၀၀)နှင့် လက်ပစ်ဗုံး(၁)လုံးတို့ဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလာခြင်း ဖြစ်သည်။

 

ဒေသကာကွယ်ရေး မဟာမိတ် ညီတောင်(၅)ဖွဲ့ဖြစ်သည့်  Young Fighters People's Defence Force of Myaung(YFPDF)၊ Myaung Special People’s Defense Force ( MSPDF)၊ 27 Revolution Forces၊ 11Brothers Revolution Forces နှင့် T.G.R People's Defence Force ထံသို့ ခိုလုံလာသည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များစုပေါင်းကာ ကျပ်(၄၅)သိန်း ချီးမြှင့်ပေးပြီး အဆိုပါ ရဲတပ်သားကို ရဲကင်းစခန်းကနေ ကယ်ထုတ်ပေးနိုင်ခဲ့သည့် ပြည်သူတစ်ဦးကိုလည်း ကျပ်(၁၀)သိန်း ဂုဏ်ပြုလိုက်သည်ဟု YFPDF က အသိပေးထားသည်။

ယခုလို ခိုလုံလာသူများကို အမျိုးသားညီညွတ်ရေးအစိုး(NUG)တွင် စာရင်းပေးသွားမည်ဖြစ်ပြီး ဆက်လက် ခိုလုံလိုသူများအနေဖြင့်လည်း ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်ကို တွေ့ရသည်။