တောင်ကြီးမြို့တွင် တပ်ပိုင်မြေပေါ်  တရားဝင်ငှားထားသည့်  ဆိုင်ခန်းပေါင်း (၅၀၀)ကျော်ကို မဖယ်ပေးပါက ဘူဒိုဇာဖြင့် တိုးချမည်ဟု ဖိအားပေး ခြိမ်းခြောက်နေ၍  အိမ်ထောင်စု (၄၀၀)ကျော်အတွက် အခက်အခဲများ ဖြစ်နေ

တောင်ကြီးမြို့တွင် တပ်ပိုင်မြေပေါ်  တရားဝင်ငှားထားသည့်  ဆိုင်ခန်းပေါင်း (၅၀၀)ကျော်ကို မဖယ်ပေးပါက ဘူဒိုဇာဖြင့် တိုးချမည်ဟု ဖိအားပေး ခြိမ်းခြောက်နေ၍  အိမ်ထောင်စု (၄၀၀)ကျော်အတွက် အခက်အခဲများ ဖြစ်နေ
ဇန်နဝါရီ 27, 2023 | ရှမ်းတောင်
By Tachileik News Agency

 ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း တောင်ကြီးမြို့ပေါ်တွင် နှစ်ပေါင်း (၂၀)ကျော်အကြာ တပ်ပိုင်မြေပေါ်  စာချုပ်စာတမ်းဖြင့် တရားဝင် ငှားရမ်းပြီး ဆိုင်ခန်းများဖွင့်လှစ်ကာ မိသားစုဝမ်းရေးအတွက်  လုပ်ကိုင်နေကြရသည့် ဆိုင်ခန်းပေါင်း (၅၁၁)ခန်းကို စစ်တပ်က ဇန်နဝါရီလ(၂၈)ရက်နေ့ အပြီးဖယ်ရှားပေးရန် ဖိအားပေးနေ၍ အိမ်ထောင်စု(၄၀၀)ကျော်အတွက် အခက်အခဲများဖြစ်နေကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်ရှိ တပ်ပိုင်မြေအတွင်း ငှားရမ်းကာ ဆိုင်ခန်းများဖွင့်လှစ်ထားသည့် ဆိုင်ခန်းပေါင်း (၅၁၁)ခန်းအနေဖြင့် ဇန်နဝါရီလ(၂၈)ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့က ခေါ်တွေ့ပြီး အသိပေးခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်ရက်အတွင်း မဖယ်ရှားပေးပါက ဘူဒိုဇာများဖြင့် ထိုးဖျက်မည်ဟုလည်း ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။

"ဒီအခန်းတွေကို စစ်တပ်က ရန်ပုံငွေအနေနဲ့ လုပ်တာ။ အမှန်တော့ မြေငှားစားတာပေါ့၊ အဆောက်အဦးကတော့ ကျွန်မတို့ဆီက ငွေယူပြီး ဆောက်လုပ်တဲ့ အဆောက်အဦးတွေ။ ပြီးတော့မှ စာချုပ်တွေ ချုပ်တဲ့အခါ အဲ့တုန်းက မသိနားမလည်ဘဲ လက်မှတ်ထိုးလိုက်တော့ အခုအခါမှာ စာချုပ်သက်တမ်းကုန်နေပြီ။ လွန်နေပြီဆိုပြီး ဖယ်ခိုင်းတော့တာ။ သက်တမ်းပြည့်နေပြီဆိုပြီး ဖယ်ခိုင်းတုန်းက ဘယ်သူမှ မဖယ်ကြပါဘူး။ မဖယ်ပေးဘူးဆိုတာကလည်း ဒီမြေနေရာကို အပိုင်ယူဖို့တော့ ဘယ်ဟုတ်မလဲ။ ဒီနေရာကနေပဲ  ဝမ်းစာအတွက် အလုပ် လုပ်ရမှာဆိုတော့ မဖယ်တာ။ အဲ့ဒါနဲ့ စစ်တပ်က တရားစွဲတယ်။ တရားစွဲတော့ အားလုံးက အယူခံဝင်တာလည်း အယူခံရှုံးတယ်။  "ဟု တပ်ပိုင်မြေပေါ် နှစ်ပေါင်း (၂၀)ကျော်အကြာ ငှားရမ်းနေထိုင်ခဲ့သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ အနောက်မြို့ပတ်လမ်း၊ ကရင်မရေထွက်၊ တပ်မတော်စုဆောင်းရေး၊ တပ်မတော်တပ်ထိန်း၊ ဆေးတပ်ရင်း အမှတ်(၂)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ပိုင် မောချယ်ရီကားကွင်း၊ အမှတ်(၉၆၅) GE တပ်စွယ်၊ အမှတ်(၂၁၂)တပ်၊ အလုပ်ရုံအမှတ်(၃)ဦ ရှမ်းရိုးမတိုက်တန်း စသည် နေရာများရှိ စုစုပေါင်း ဆိုင်ခန်း စုစုပေါင်း (၅၁၁)ခန်းကို ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။

 

"အရင် ၁၉၉၆-၁၉၉၈ ဝန်းကျင်တုန်းက နအဖ၊ နဝတ ခေတ်မှာ တပ်အတွက် ရန်ပုံငွေ လိုတယ်ဆိုပြီး အငှားချပေးလို့ ဆိုင်ခန်းတွေ ဖြစ်ပေါ်လာတာ။ အမှန်က ပြည်သူတွေက လာကျူးကျော်တာမဟုတ်ပါဘူး။ ဒီနေရာတွေနဲ့ ပတ်သက်ပြီး (၂၈)ရက်နေ့မှာ မဖယ်ပေးရင် ဘူဒိုဇာတွေ အသုံးပြုပြီး ထိုးဖျက် နှင်ချမယ်လို့ အစည်းအဝေးမှာ ခေါ်ပြီး ခြိမ်းခြောက်ပြောဆိုတယ်။"ဟု ဆိုင်ခန်းငှားတစ်ဦးက ဆိုသည်။

လက်ရှိအခြေအနေများအရ နေရာသစ်ရှာဖွေရန် အဆင်မပြေခြင်းနှင့် နေအိမ်အပိုင်မရှိခြင်းများ အပါအဝင် စီးပွားရေးအဆင်မပြေမှုများကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်နေသည့်အတွက် အိမ်ထောင်စု(၄၀၀)ကျော်အနေဖြင့် အဆိုပါ ဆိုင်ခန်းများတွင်သာ ဆက်လက်နေလိုကြသည်ဟု သိရသည်။

"ကျွန်မတို့အနေနဲ့ကတော့ ဒီနေရာမှာပဲ ဆက်လက်ပြီး ဝမ်းစာအတွက် ဆက်နေချင်ပါတယ်။ အခုက အိမ်ထောင်စုက နည်းနည်းလေး မဟုတ်ဘူး။ ဆိုင်ခန်းပေါင်း (၅၁၁)ခန်းမှာ အိမ်ထောင်စု (၄၀၀)ကျော်ရှိတယ်။ ဒီက ဖယ်ပေးရရင် ဒုက္ခရောက်မှာ တခြားလည်း နေစရာမရှိဘူးလေ။ ကျွန်မတို့က ဒီမြေ ဒီနေရာကို အပိုင်ယူတာမှ မဟုတ်တာ။ မိသားစု စားဝတ်နေရေး အဆင်ပြေဖို့အတွက်ပဲ။ ပြည်သူတွေရဲ့ အခက်အခဲကို အဆင်ပြေဆင်ချင်တယ်ဆိုရင် ဒီနေရာမှာ ဆက်လက်ပေးနေစေချင်တာပါ။ အထက်လူကြီးများအနေနဲ့လည်း အောက်က တင်ပြတာလေးတွေပဲ ယုံမနေစေချင်ဘူး။ လက်တွေ့ ကျွန်မတို့ရဲ့ အဖြစ်ကို ဆင်းကြည့် ပေးစေချင်ပါတယ်။ ဒါမှ အားလုံးရဲ့ အခက်အခဲကို သိနိုင် မြင်နိုင်မှာပါ။"ဟု ဆိုင်ခန်းငှား အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဆိုင်ခန်းများတွင် မြေငှားပုံစံ စာချုပ်စာတမ်းများဖြင့် ငှားရမ်းနေထိုင်ခဲ့ကြသူများဖြစ်သည့်အတွက် ကျူးကျော်တစ်ဦးတစ်ယောက်မျှ မပါကြောင်း သိရသည်။

"ဒီနေရာမှာက ကျူးကျော်တစ်ဦးမှ မပါ ပါဘူး။ အခုလို မောင်းထုတ်တဲ့အတွက် ဒီ မိသားစု(၄၀၀)အတွက် မြေအစားပေးတာတွေ၊ နေရာစီစဉ်ပေးတာတွေလည်းမရှိဘူး၊ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးဖြစ်နေတယ်။ ဒီဆိုင်ခန်းမှာ အထိုင်ကျနေတဲ့ မိသားစုတွေဟာ နေရာတန်ဖိုး အကျိုးအမြတ်အတွက် နေထိုင်ကြတာမျိုးမဟုတ်ဘဲ အမှန်တကယ် အိမ်ပိုင်ယာပိုင်မရှိကြတဲ့ သာမာန် လက်လက် လုပ်စားဘဝတွေပါဗျာ။"ဟု ဆိုင်ခန်းရှင် တစ်ဦးက ပြောသည်။



စစ်တပ်သည် မြန်မာနိုင်ငံအတွင်း၌ မြေသိမ်းယူမှုများနှင့် ပတ်သက်ပြီး စစ်တပ်စခန်းတည်ရန်အတွက်သာ မဟုတ်ဘဲ မြို့ပေါ် အထင်ကရနေရာများတွင် မြေများသိမ်းယူကာ ဂေါက်ကွင်းများ ပြုလုပ်ခြင်း၊ ဟိုတယ်များပြုလုပ်ခြင်းနှင့် မလိုအပ်ဘဲ သိမ်းဆည်းထားသည့် မြေများစွာရှိနေရာ ပြီးခဲ့သည့် NLD အစိုးရလက်ထက်က တပ်ပိုင်မြေများထဲက ပြန်လည်စွန့်လွတ်ရန်မြေများကို လွှတ်တော်ကနေ တဆင့် တောင်းခံရာ မြေအချို့ကို တပ်က စွန့်လွှတ်ပေးခဲ့သည်များရှိသော်လည်း ယခုအခါ အာဏာသိမ်းပြီးနောက် တပ်ပိုင်မြေများနှင့် ပတ်သက်၍ မဆိုင်သည့် နေရာများကိုပါ ချဲ့ယူခြင်းများပါ ရှိလာကြောင်း သိရသည်။

မှတ်ချက် - သတင်းတွင် ပါရှိသော ဆိုင်ခန်းငှားများ၏ အမည်များကို လုံခြုံရေးအရ မဖော်ပြခြင်း ဖြစ်သည်။