အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေနိုင်သည့် ငြိမ်းချမ်းရေး ထုတ်ပြန်ချက်ကို ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်က ထုတ်ပြန်လာ

၂၀၂၁ခုနှစ်အတွင်းက ပုံများဖြစ်သည်။
၂၀၂၁ခုနှစ်အတွင်းက ပုံများဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေနိုင်သည့် ငြိမ်းချမ်းရေး ထုတ်ပြန်ချက်ကို ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်က ထုတ်ပြန်လာ
ဇန်နဝါရီ 21, 2023 | 2021 Military Coup| နိုင်ငံရေး

 အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲနှင့် နီးစပ်လာချိန်တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က  ငြိမ်းချမ်းရေးခရီးစတင်ရန် မေတ္တာရပ်ခံချက်ဟုဆိုကာ ထုတ်ပြန်ချက်ကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ထုတ်ပြန်လာသည်ကို တွေ့ရသည်။

မေတ္တာရပ်ခံထုတ်ပြန်ချက်တွင် " သေနတ်သံများ ဆိတ်သုန်းပါစေ။ ညီရင်းအစ်ကိုမောင်ရင်းနှမများကဲ့သို့ တစ်ဦးနှင့်တစ်ဦး လက်တွဲညီကြပါစေ။ စည်းလုံးညီညွတ်သည့် လူမျိုးနွယ်တစ်ခု၊ နိုင်ငံတစ်ခုအနေဖြင့် မြင့်မြတ်လှသည့် ငြိမ်းချမ်းရေးခရီးတစ်ခုကို အစပြုကြပါစို့"ဟု ဖော်ပြထားသည်။

"ငြိမ်းချမ်းရေးသည် ဖြစ်နိုင်ပါသည်။ ငြိမ်းချမ်းရေးသည်သာ တစ်ခုတည်းသော အဖြေဖြစ်ပါသည်"ဟုလည်း ဖော်ပြထားသည်။

အဆိုပါ မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဌ ကာဒီနယ် ချားစ်ဘို အပါအဝင် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော် မာကု တင်ဝင်း နှင့်  တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော် ဘာစီးလျှို အားသိုက်တို့က လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုသည် ခရစ်ယာန်ဘာသာဝင်များ၏ ဝတ်ပြုကိုးကွယ်ရာ ဘုရားရှိခိုးကျောင်းတော်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ရာတွင် ကချင်၊ ကရင်၊ ချင်း စသည့် ပြည်နယ်များအပြင် ကရင်နီ(ကယား)ပြည်နယ်လည်း အပါအဝင်ဖြစ်ရာ ကရင်နီ(ကယား)ပြည်နယ်အတွင်းမှ ကတ်ကလစ်ဘုရားရှိခိုးကျောင်း အများအပြားမှာ အာဏာသိမ်းစစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် အာဏာသိမ်းစစ်ကောင်စီကို တိုက်ရိုက် ရည်ညွှန်းသည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်နေသည်များ ရှိခဲ့သည့်အတွက် ကက်သလစ်ဘာသာဝင်များအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သေးသည်။

ယခုအခါတွင်လည်း ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံချက် ထုတ်ပြန်လာခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေရန် ထုတ်ပြန်လာခြင်းဖြစ်သည်ဟု ဘာသာဝင်များအကြား ပြောဆိုမှုများလည်းရှိနေသည်။