စစ်ကောင်စီ၏ လွတ်လပ်ရေးနေ့အခမ်းအနားက ပြန်လာသည့် ALP အရာရှိ ၃ ဦးပစ်ခတ်ခံရ

စစ်ကောင်စီ၏ လွတ်လပ်ရေးနေ့အခမ်းအနားက ပြန်လာသည့် ALP အရာရှိ ၃ ဦးပစ်ခတ်ခံရ
By Tachileik News Agency

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ကျင်းပသည့် လွတ်လပ်ရေးနေ့အခမ်းအနားတက်ရောက်ပြီး ပြန်လာသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ပါတီမှ အရာရှိ (၃)ဦးလိုက်ပါလာသည့်ကား ပစ်ခတ်ခံရပြီး (၃)ဦးလုံး သေဆုံးသွားကြောင်း သိရသည်။

ALP က အရာရှိတွေဟုတ်တယ်လို့ ပြောတယ်။ ဖြစ်တဲ့နေရာနားမှာ စစ်ကောင်စီတပ်တွေရော ရဲတွေရော ဝိုင်းထားတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှ ပြန်လာသည့် ALP ပါတီဝင် (၃)ဦးသည် ရွာသာယာရပ်ကွက်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရသူ (၃)ဦးမှာ  ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ ကျော်စိုးနှင့် သူရိန်ထက်တို့ဖြစ်ကြောင်း သတင်းများ ထွက်နေပြီး ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ALP ၏ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

ALP ပါတီသည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဆွေးနွေးညှိနှိုင်းမှုများ မကြာခဏလုပ်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။