ဂျပန်နိုင်ငံတွင် နှင်းများထူထပ်စွာကျရောက်မှုကြောင့် လေယာဥ်ခရီးစဥ်များ ဖျက်သိမ်းရပြီး ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်

ဂျပန်နိုင်ငံတွင် နှင်းများထူထပ်စွာကျရောက်မှုကြောင့် လေယာဥ်ခရီးစဥ်များ ဖျက်သိမ်းရပြီး ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်
ဒီဇင်ဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John

ဂျပန်နိုင်ငံ၏  မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်း နေရာဒေသများတစ်လျှောက် ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် နှင်းများထူထပ်စွာ ဆက်လက်ကျရောက်နေရာ ယာဥ်ကြောများပိတ်ဆို့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

ဒီဇင်ဘာလ (၁၇) ရက်မှစ၍ မြောက်ပိုင်းရှိ ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် နိုင်ငံအနောက်ပိုင်း နေရာဒေသများတွင် နှင်းများထူထပ်စွာကျရောက်နေခဲ့ပြီး ရာသီဥတုပြင်းထန်မှုကြောင့် ဒီဇင်ဘာလ (၂၄) ရက် နံနက်ပိုင်းအထိ လူ (၁၁) ဦး သေဆုံးခဲ့ကြောင်းနှင့် (၇၇) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းဌာန NHK က ပြောသည်။

NHK သတင်းဌာန၏ ဖော်ပြချက်အရ ဂျပန်မြောက်ပိုင်းစွန်းရှိ Hokkaido စီရင်စုတွင် ဒီဇင်ဘာလ (၂၄) ရက် နံနက် (၁၀) နာရီအချိန်အထိ အိမ်ထောင်စု (၇,၅၀၀) ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း သိရသည်။ 

ရာသီဥတုကြောင့် ဓာတ်အားလိုင်းတိုင်တစ်တိုင် လဲပြုကျမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်းနှင့် မည်သည့်အချိန်တွင် ဓာတ်အားပြန်ပေးနိုင်မည်ကို အတိအကျ မသိနိုင်သေးကြောင်း Hokkaido Electric Power ကုမ္ပဏီက ပြောသည်။

ဆောင်းတွင်းမုန်တိုင်းကြောင့် Hokkaido စီရင်စုရှိ Monbetsu မြို့တွင် ဒီဇင်ဘာလ (၂၃) ရက်က တာဝါတိုင်တစ်ခု လဲပြိုကျခဲ့ရာမှ Monbetsu တစ်မြို့လုံး အပါအဝင် ဒေသတွင်း နေအိမ် (၂၄,၀၀၀) အထိ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်ခဲ့ကြောင်း The Japan News က ဖော်ပြသည်။ 

Hokkaido စီရင်စု အစိုးရက Monbetsu မြို့တွင် အကူအညီပေးရန် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များ စေလွှတ်ပေးရန် ဒီဇင်ဘာလ (၂၃) ရက် ညပိုင်းက တင်ပြခဲ့ကြောင်း NHK သတင်းကဆိုသည်။

လေပြင်းတိုက်မှုနှင့် နှင်းများထူထပ်စွာကျရောက်ရာမှ သစ်ပင်များလဲပြိုကျမှုတို့ကြောင့် Niigata စီရင်စုတွင်လည်း အိမ်ထောင်စု (၆,၈၀၀) ခန့်မှာ ဒီဇင်ဘာလ (၂၃) ရက် နံနက် (၆) နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခဲ့ကြောင်း NHK က Tohoku Electric Power ကုမ္ပဏီကို ကိုးကားပြီး သတင်းဖော်ပြသည်။ 

ထို့အတူ အဆိုပါ စီရင်စုအတွင်းရှိ လမ်းမများ ပိတ်ထားခဲ့ရပြီး ရထားခရီးစဥ်များကို ရပ်ဆိုင်းထားခဲ့ရသည်။

ဂျပန်နိုင်ငံတွင် နှင်းများထူထပ်စွာကျရောက်မှုနှင့် လေပြင်းတိုက်မှုတို့ကြောင့် လေယာဥ်ခရီးစဥ်များလည်း ဖျက်သိမ်းခဲ့ရကြောင်း NHK က ဖော်ပြသည်။ 

Japan Airlines က Niigata, Komatsu နဲ့ အခြား လေဆိပ်များတွင် လေယာဥ်ခရီးစဥ် (၁၄) ခုကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ 

All Nippon Airways ကလည်း New Chitose, Shonai နှင့် အခြား လေဆိပ်များမှ လေယာဥ်ခရီးစဥ် (၆) ခုကို ဖျက်သိမ်းခဲ့သည်။

ထိုအတောအတွင်း ဂျပန်နိုင်ငံ အလယ်ပိုင်း Aichi စီရင်စုရှိ Nagoya မြို့တွင် ဒီဇင်ဘာလ (၂၄) ရက် နံနက်ပိုင်းက နှင်းထု (၁၀) စင်တီမီတာ (၃.၉ လက်မ) အထိ ကျရောက်ခဲ့ရာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နှင်းကျရောက်မှု အများဆုံးဖြစ်ခဲ့သည်ဟု NHK က ပြောသည်။ 

နှင်းများ ထူထပ်စွာကျရောက်မှုကြောင့် ထိုမြို့တွင် ရထားခရီးစဥ်များ နှောင့်နှေးကြန့်ကြာမှုဖြစ်ခဲ့ကြောင်း The Japan News က ဖော်ပြသည်။

နှင်းများထူထပ်စွာကျရောက်မှုကြောင့် ယာဥ်ကြောပိတ်ဆို့မှုနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ရာ ဒေသခံများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် ဒီဇင်ဘာလ (၂၆) ရက်အထိ မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းမပြုကြရန် မိုးလေဝသဌာန အရာရှိများက ပြောထားသည်။

Source: CNA

Photo: Kyodo News via AP, Kyodo News,