ပျူစောထီးခေါင်းဆောင် မှော်တော်ဆရာတော် အမည်ခံ သင်္ကန်းဝတ် အမျိုးသားကို ဖမ်းဆီးအရေးယူမည်ဟု လင်းယုန်နီကန့်ဘလူအဖွဲ့ ကြေညာ

ပျူစောထီးခေါင်းဆောင် မှော်တော်ဆရာတော် အမည်ခံ သင်္ကန်းဝတ် အမျိုးသားကို ဖမ်းဆီးအရေးယူမည်ဟု လင်းယုန်နီကန့်ဘလူအဖွဲ့ ကြေညာ

 စစ်ကိုင်းတိုင်းဒေသအတွင်း လူသတ်အားပေးဘုန်းကြီးဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝအမည်ခံ သင်္ကန်းဝတ် အမျိုးသားကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ပြီး ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူမည်ဟု လင်းယုန်နီ ကန့်ဘလူအဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကြေညာသည်။

သင်္ကန်းဝတ်ကာ မှော်တော်ဆရာတော် ဉူးဝါသဝအမည်ခံထားသည့် အမျိုးသားသည် စစ်ကောင်စီအဖွဲ့နှင့်ပူးပေါင်းပြီး စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များရှိ ကျေးရွာများတွင် စစ်ကောင်စီထောက်တိုင်အဖြစ် အသုံးတော်ခံပြီး ပြည်သူ့စစ်ဟု ခေါ်သည့် ပျူစောထီးသင်တန်းများကို ငွေကြေးယူပြီး လူသူစုဆောင်းပေးခြင်း၊ ပျူစောထီးသင်တန်းမတက်သည့် နေအိမ်များမှ အခကြေးငွေတောင်းခံခြင်းများ အတင်းအဓမ္မပြုလုပ်နေသည်ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့ လင်းယုန်နီကန့်ဘလူအဖွဲ့က အသိပေးသည်။

ပျူစောထီးသင်တန်းဆင်း စစ်ကောင်စီဘက်တော်သားများသည် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခြင်း မခံရမီ ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း၊ အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အဖိုးတန်ပစ္စည်းများအား လုယက်ခိုးယူခြင်းများ ပြုလုပ်ခဲ့ကြောင်းကို သက်သေအထောက်အထားများစွာ ရရှိထားပြီဟု တော်လှန်ရေးအဖွဲ့က ဆိုသည်။

အမျိုးဘာသာ၊ သာသနာအား ခုတုံးလုပ်ပြီး စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက်နေသူ သင်္ကန်းဝတ်ဝါသဝအား ဒေသတွင်း တော်လှန်ရေးအဖွဲ့များက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ပြီး ဥပဒေအရ အရေးယူသွားမည်ဟု ကြေညာခြင်းဖြစ်သည်။

ကန့်ဘလူနယ်မှ သင်္ကန်းဝတ်ဝါသဝသည် PDF များကို ပြန်လည်တိုက်ခိုက်ရန်အတွက် လက်နက်ကိုင်သင်တန်းဖြစ်သည့် ပျူစောထီးသင်တန်းများတွင် မိန့်ခွန်းပြောကြားသည့် ရုပ်သံဖိုင်များကို စစ်တပ်လော်ဘီတယ်လီဂရမ် ချန်နယ်များတွင် မကြာခဏ တင်လေ့ရှိသည်။

 

#TachileikNewsAgency