အိန္ဒိယနိုင်ငံတွင် ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး မွမ်ဘိုင်းမြို့၌ ကလေးငယ် (၁၂) ဦး သေဆုံးခဲ့

အိန္ဒိယနိုင်ငံတွင် ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး မွမ်ဘိုင်းမြို့၌ ကလေးငယ် (၁၂) ဦး သေဆုံးခဲ့
By Mr John

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွမ်ဘိုင်းမြို့နှင့် အနီးတဝိုက် ဒေသများတွင် ဝက်သက်ရောဂါကြောင့် ကလေး (၁၂) ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ပြောသည်။ 

ဝက်သက်ကြောင့် ပထမဆုံး သေဆုံးမှုကို အောက်တိုဘာလ (၂၆) နှင့် (၂၇) ရက်ဝန်းကျင်တွင် စတင်သိရှိခဲ့ရပြီး (၄၈) နာရီအတွင်း ကလေး (၃) ဦး သေဆုံးခဲ့သည်။

နိုဝင်ဘာလ (၂၃) ရက်နေ့အထိ မွမ်ဘိုင်းမြို့တွင် ဝက်သက်ရောဂါဖြစ်ပွားသူ (၂၃၃) ဦး တွေ့ရှိအတည်ပြုထားပြီး ယမန်နှစ်တွင် ရောဂါဖြစ်ပွားသူ (၉၂) ဦးမှ (၃) ဆမြင့်တက်လာခြင်း ဖြစ်သည်။ 

ယမန်နှစ်က ဝက်သက်ကြောင့် (၂) ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

 COVID-19 ကပ်ရောဂါကာလအတွင်း ဝက်သက်ကာကွယ်ဆေးထိုးမှု လျော့ကျသွားခဲ့ခြင်းကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာခြင်းဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်များက ပြောသည်။

အိန္ဒိယတွင် ဝက်သက်ကြောင့် နောက်ဆုံး သေဆုံးမှုမှာ နိုဝင်ဘာလ (၂၂) ရက်နေ့က အသက် (၈) လအရွယ် ကလေးငယ် သေဆုံးခဲ့မှုဖြစ်ပြီး ထိုကလေးငယ်က ကာကွယ်ဆေးအပြည့်အဝ ထိုးမထားခဲ့ရသေးဟု ဆိုသည်။ 

ဝက်သက်ရောဂါမှာ အလွန်ကူးစက်တတ်ပြီး COVID-19 ထက်ပင် ပို၍ ကူးစက်တတ်ကြောင်းနှင့် အထူးသဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ပြင်းထန်သည့် ထပ်တိုးရောဂါများ ဖြစ်စေနိုင်ကြောင်း သိရသည်။

ဝက်သက်ရောဂါ ဖြစ်ပွားပါက ချောင်းဆိုးခြင်း၊ အဖုအပိမ့်ထွက်ခြင်းနှင့် ကိုယ်ပူခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး measles and rubella (MMR) ကာကွယ်ဆေး (၂) ကြိမ် ထိုးထားခြင်းဖြင့် ကာကွယ်နိုင်သည်။ 

MMR ကာကွယ်ဆေးထိုးမှု နည်းပါးသည့် ဥရောပတဝန်းရှိ နိုင်ငံများတွင် ဝက်သက်ရောဂါ ကြီးကြီးမားမားကူးစက်ဖြစ်ပွားမှု အများအပြားရှိခဲ့သည်။ 

ကာကွယ်ဆေးထိုးမထားသူ (၁၀) ဦးတွင် (၉) ဦးမှာ ဝက်သက်ရောဂါ ကူးစက်ခံရနိုင်ကြောင်း သိရသည်။

ဝက်သက်ရောဂါကြောင့် အဖုအပိမ့်များထွက်နိုင်သလို အဆုတ်ရောင်နာနှင့် ဦးနှောက်ရောင်ရမ်းမှုတို့ ဖြစ်စေနိုင်ပြီး တခါတရံ အသက်ဆုံးရှုံးနိုင်သည်။ 

ကာကွယ်ဆေးထိုးထားခြင်းဖြင့် ထိုအန္တရာယ်များ အားလုံးကို ဖယ်ရှားနိုင်သည်။ 

MMR ကာကွယ်ဆေး (၂) ကြိမ်ထိုးထားခြင်းက ဝက်သက်နှင့် ဂျိုက်သိုးရောဂါကို (၉၉) ရာခိုင်နှုန်းနှင့် ပါးချိတ်ရောင်နာကို (၈၈) ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှုန်းမှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့မှုကြောင့် ကမ္ဘာတဝန်း ဝက်သက်ရောဂါဖြစ်ပွားနိုင်သည့် ကလေးအရေအတွက် တိုးလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က နိုဝင်ဘာလ (၂၃) ရက်နေ့တွင် သတိပေးခဲ့သည်။ 

ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေမှုကြောင့် ကလေးငယ် သန်းပေါင်းများစွာမှာ ပုံမှန်ထိုးရသည့် ဝက်သက်ကာကွယ်ဆေး မထိုးဖြစ်ခဲ့ကြဟု ဆိုသည်။

Source: BBC, CNBC