ယူကရိန်းတပ်ဖွဲ့များက Kherson မြို့ကို ရုရှားထံမှ ပြန်လည် သိမ်းပိုက်

ယူကရိန်းတပ်ဖွဲ့များက Kherson မြို့ကို ရုရှားထံမှ ပြန်လည် သိမ်းပိုက်
နိုဝင်ဘာ 12, 2022 | နိုင်ငံတကာသတင်း
By Mr John

Kherson မြို့တွင်းသို့ ယူကရိန်းတပ်ဖွဲ့များ စတင် ဝင်ရောက်နေပြီဖြစ်ပြီး ထိုမြို့တွင် ကျန်ရှိနေသေးသည့် ရုရှားစစ်သားများ လက်နက်ချ အညံ့ခံကြရန် ယူကရိန်းကာကွယ်ရေး ထောက်လှမ်းရေးဌာနက နိုဝင်ဘာလ (၁၁) ရက်တွင် ပြောသည်။ 

(၉) လနီးပါးကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့များက ၎င်းတို့ သိမ်းပိုက်ထားခဲ့သည့် တစ်ခုတည်းသော ဒေသဆိုင်ရာမြို့တော် Kherson ကနေ ဆုတ်ခွာမည်ဟု ကြေညာခဲ့ရာ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက အရေးပါသော အောင်ပွဲတစ်ခုအဖြစ် ပြောခဲ့သည်။

မတ်လ ကတည်းက သိမ်းပိုက်ခံခဲ့ရသည့် Kheson မြို့ကို ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေး ထောက်လှမ်းရေးဌာနက ရုရှားဘာသာဖြင့် ထုတ်ပြန်ချက်တွင် ပြောထားပြီး လက်နက်မချဘဲ ခုခံတိုက်ခိုက်သည့် မည်သည့် ရုရှားစစ်သားကိုမဆို ချေမှုန်းသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

"မင်းတို့မှာ သေခြင်းကိုရှောင်ဖို့ အခွင့်အရေးပဲရှိတယ်။ ချက်ချင်း လက်နက်ချပါ" ဟု ယူကရိန်း ဗဟိုထောက်လှမ်းရေးဌာနက Telegram တွင် တင်ထားသည့် ထုတ်ပြန်ချက်၌ ပြောထားသည်။

ထိုထုတ်ပြန်ချက်က Kherson မြို့တွင် ယူကရိန်းတပ်ဖွဲ့များ ရောက်ရှိနေကြောင်း ပထမဆုံး တရားဝင် အတည်ပြုမှုဖြစ်ပြီး လက်နက်ချသည့် မည်သည့် ရုရှားစစ်သားမဆို ဘေးအန္တရာယ်ကင်းမည်ဟုလည်း အာမခံထားသည်။ 

ယူကရိန်း၏ ထုတ်ပြန်ချက်အရ Kherson မြို့တွင် ရုရှားစစ်သားများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ တပ်မှူးများက အမိန့်ပေးထားမှုကြောင့် အရပ်ဝတ်များဖြင့် ပုန်းအောင်းနေကြကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ Kherson မြို့မှ ၎င်း၏တပ်ဖွဲ့များ ဆုတ်ခွာပြီးဖြစ်ကြောင်းနှင့် ဒီနီပရိုမြစ် အနောက်ဘက်ကမ်းသို့ ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ (၁၁) ရက် အစောပိုင်း ပြောသည်။ 

တပ်ဖွဲ့များ ပြန်ဆုတ်ခွာရာတွင် စစ်သားများ သို့မဟုတ် စစ်လက်နက်ပစ္စည်းများ ဆုံးရှုံးမှုမရှိခဲ့ကြောင်းလည်း ရုရှားက ဆိုသည်။

တပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီဖြစ်သော်လည်း Kherson မြို့မှာ ရုရှား၏ အစိတ်အပိုင်းဖြစ်နေဆဲဟု ရုရှားအစိုးရက အခိုင်အမာ ပြောခဲ့ပြီး Kherson ဒေသတစ်ခုလုံးကို သိမ်းယူခဲ့မှုအပေါ် နောင်တမရဟု ဆိုသည်။ 

ရုရှားက စက်တင်ဘာလ နှောင်းပိုင်းတွင် အခမ်းအနားတစ်ရပ် ကျင်းပပြီး Kherson ဒေသကို သိမ်းယူကြောင်း ကမ္ဘာသိ ကြေညာခဲ့ခြင်း ဖြစ်သည်။

Source: Reuters, AFP

Photo: BULENT KILIC/AFP VIA GETTY IMAGES, Reuters, Ashley Chan/Getty Images,