တာချီလိတ်ယာဉ်ထိန်းရဲက ယာဉ်/လမ်း စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်မောင်းသူများအား ဒဏ်ငွေများကို တရားရုံးသို့ သွားမဆောင်လိုပါက ရုံးတွင်ဆောင်ရန်ပြောပြီး ကျပ်(၅၀၀၀၀) တောင်းရမ်း

တာချီလိတ်ယာဉ်ထိန်းရဲက ယာဉ်/လမ်း စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်မောင်းသူများအား ဒဏ်ငွေများကို တရားရုံးသို့ သွားမဆောင်လိုပါက ရုံးတွင်ဆောင်ရန်ပြောပြီး ကျပ်(၅၀၀၀၀) တောင်းရမ်း
နိုဝင်ဘာ 2, 2022 | ရှမ်းရှေ့



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တာချီလိတ်ယာဉ်ထိန်းရဲများက ယာဉ်/လမ်း စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်မောင်းသူများအနေဖြင့်  ဒဏ်ငွေအဖြစ် ကျပ်(၃၀,၀၀၀)အစား ကျပ်(၅၀,၀၀၀)တောင်းခံကြောင်း သိရသည်။

 

 တာချီလိတ်ယာဉ်ထိန်းရဲက ယနေ့ နိုဝင်ဘာလ (၂)ရက်နေ့တွင်  ဆိုင်ကယ်နံပါတ်ပြားမပါသူများ နှင့်  ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများအပြင် ထိုင်းနံပါတ်ပြားတပ်ထားသူ နှင့် ဘေးတွဲ ဆိုင်ကယ်များကို တားဆီး စစ်ဆေးခြင်း ဖြစ်ပြီး ဒဏ်ငွေအဖြစ် တရားရုံးတွင် ဒဏ်ငွေဆောင်မည်ဆိုပါက ကျပ်(၃၀,၀၀၀)သွားဆောင်ရမည်ဖြစ်ပြီး တရားရုံးတွင် မဆောင်လိုပါက ယာဉ်ထိန်းရဲရုံးတွင် ကျပ်(၅၀,၀၀၀)ပေးဆောင်ရမည်ဟု ပြော၍ တရားရုံးသို့ မသွားလို၍ ကျပ်(၅၀,၀၀၀)ပေးဆောင်ခဲ့ရသည်ဟု သိရသည်။

"နံပါတ်ပြားမပါ၊ ဦးထုပ်မဆောင်း၊ ထိုင်းနံပါတ်ပြားတပ်ထားတာတွေဆိုရင်  တရားရုံးမှာဆောင်ရင် ကျပ်(၃၀,၀၀၀)တဲ့၊  သူတို့ရုံးမှာ ဆောင်ရင် ကျပ်(၅၀,၀၀၀) ဆိုပြီး မနက်ကတောင်းနေတယ် ဟိုးအရင်က ဘေးတွဲဆိုင်ကယ်တွေ မဖမ်းဘူး။ အခုကျတော့ ဘေးတွဲ ဆိုင်ကယ်တွေရော ဖမ်းနေတယ်။"ဟု ကျပ်(၅၀၀၀၀)ပေးဆောင်ခဲ့ရသူ တစ်ဦးက Tachilek News Agency သို့ ယနေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့တွင် ပြောသည်။

အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)၏ တပ်စုမှူး ဒုရဲမှူး သိန်းဗိုလ်၏ ညွှန်ကြားချက်ဖြင့်  အဓိကအားဖြင့် ရှမ်းရိုးမကွင်းရှေ့၊ ချစ်ကြည်ရေးတံတား(၁)အဝိုင်းပတ်၊ ကျောက်တိုင်အနီး၊ ယာဉ်ထိန်းရုံးရှေ့ နှင့် ကညနရုံးလမ်းတောင့်၊ ပုံလို့သွားလမ်း၊ ရွှေဗူးသီးဟိုတယ်အနီး၊ ခမရ(၃၃၁)အရှေ့ မိုင်းယွန်းဆီပန့်အနီး၊ မြို့ဝင်ဆိုင်းဘုတ်အနီး၊ မြို့ပတ်လမ်း စသည့်နေရာများတွင်   ကြိုတင်အသိပေးခြင်းမရှိဘဲ ရှောင်တခင် စစ်ဆေးကာ ဒဏ်ငွေအဖြစ် သတ်မှတ်မည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်ထံက သိရသည်။