မြဝတီမြို့တွင် ဒေသခံများက ထောက်ခံ ကြိုဆိုကြောင်း လုပ်ကြံဖန်တီးကာ  BGF များက မြို့တွင်း သေနတ်ကိုင်ပြီး လမ်းလျှောက်ပြ

မြဝတီမြို့တွင် ဒေသခံများက ထောက်ခံ ကြိုဆိုကြောင်း လုပ်ကြံဖန်တီးကာ  BGF များက မြို့တွင်း သေနတ်ကိုင်ပြီး လမ်းလျှောက်ပြ
အောက်တိုဘာ 23, 2022 | 2021 Military Coup| အခြားဒေသများ

 မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ် နှင့် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များကို ပြည်သူက အားကိုး ထောက်ခံကြောင်း လုပ်ကြံပြသမှုအဖြစ် ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့ တွင် မြဝတီမြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအောက်၌ ပြည်သူများက ဂုဏ်ပြုသည့် အတုအယောင်လုပ်ကြံဖန်တီးမှုကြောင့် ဒေသခံများအကြား ဝေဖန်မှု မြင့်တက်လာခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က အာဏာသိမ်းစစ်တပ်၏  လက်အောက်ခံ ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များက မြို့တွင်း လက်နက်ကိုယ်စီကိုင်ကာ သွားလာပြီး ချစ်ကြည်ရေးတံတား(၁)အောက်တွင် စစ်တပ်မိသားစု နှင့် BGF မိသားစုဝင်များ၊ စစ်မှူထမ်းဟောင်းနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်များ၊ ကြံ့ခိုင်ရေးပါတီဝင်များက ပြည်သူများအဖြစ် ဟန်ဆောင်ကာ သပြေခက်များ ကိုင်ပြီး ထောက်ခံကြိုဆိုမှုအဖြစ် ပြသခဲ့သည်ဟု သိရသည်။

 

"ထုံးစံအတိုင်းပေါ့ဗျာ၊ အင်အားနဲ့အာဏာကို အသုံးချပြီး လုပ်ကြံဖန်တီးသွားတဲ့ လုပ်ဇာတ်ဆိုတာ ဒီက လူတွေ အကုန်သိတယ်။  သူတို့တွေကို ဒေသခံက မကြိုက်ကြဘူးဆိုတာ သူတို့လည်း သိမှာပဲ။ စစ်တပ်ရဲ့ လက်အောက်ခံကို ဒေသတွေက မကြိုက်ကြပါဘူး။ တံတားအောက်မှာ လာလုပ်တယ်ဆိုတာက တနည်းတဖုံနဲ့ ထိုင်းဘက်ကလည်း သိအောင် လုပ်ပြတဲ့ သဘောပေါ့။  ကြိုဆို ထောက်ခံတယ်ဆိုတဲ့ အထဲမှာ စစ်မှုထမ်းဟောင်းတွေ တပ်မိသားစုဝင်တွေနဲ့သူတို့ မိသားစုဝင်တွေက အများဆုံးပါပဲ"ဟု မြဝတီမြို့နေ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

မြဝတီမြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားအနီးတွင် အောက်တိုဘာလ(၁၅)ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကားနှင့်ဆိုင်ကယ်များ ပျက်စီးခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်ရက်က ကော့ကရိတ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်လည်း  အာဏာသိမ်းစစ်တပ်၏ စေခိုင်းမှုဖြင့် ဗိုလ်မှူးကြီး စောချစ်သူ၏ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များက ဟန်ပြလုပ်ဆောင်ပြသခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။

#TachileikNewsAgency