မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသကာကွယ်ရေးတပ်များဘက်က ရဲဘော်(၄)ဦး ကျဆုံး

မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသကာကွယ်ရေးတပ်များဘက်က ရဲဘော်(၄)ဦး ကျဆုံး

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ အကြား ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၁)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသကာကွယ်ရေးတပ်များဘက်မှ ရဲဘော်(၄)ဦးကျဆုံးပြီး (၃)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။



မိုးဗြဲမြို့သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအလုံး (၁၀၀)ကျော်ပစ်ခတ်ခဲ့သည်ဟု သိရသည်။



တိုက်ပွဲတွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော် (၁)ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF B-03)မှ ရဲဘော် (၂)ဦးနှင့် မြို့ပြတော်လှန်ရေးတပ်ဦး(URF)မှ ရဲဘော် (၁)ဦးတို့ ကျဆုံးခဲ့ရပြီး (၃)ဦးဒဏ်ရာရရှိသဖြင့် ဆေးကုသမှု ခံယူခဲ့ရသည်ဟု သိရသည်။



တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က သတင်းထုတ်ပြန်ထားသည်။



မိုးဗြဲမြို့တွင် စစ်ရေးအခြေအနေတင်းမာနေသဖြင့် ပြည်သူများ တိုက်ပွဲများဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်တွင် အသွားအလာများ မပြုလုပ်ကြရန်နှင့် မိုးဗြဲ-ပီကင်း လမ်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်လည်း အသိပေးထားသည်။



ပြီးခဲ့သည့် မေလ(၂၇)ရက်နေ့ကစပြီး စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို လေကြောင်းပစ်ကူများအပါအဝင် လက်နက်ကြီးပစ်ခတ်ခြင်းများကြောင့် အရပ်သားအမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၅)ဦး ထိမှန်သေဆုံးခဲ့ရသေးသည်။



#TachileikNewsAgency