ကွတ်ခိုင်-မူဆယ်လမ်းမကြီးရှိ စစ်ကောင်စီတပ်၏ ကောင်ရာတပ်စခန်းကို KIAစီးနင်းဖျက်ဆီး 

ကွတ်ခိုင်-မူဆယ်လမ်းမကြီးရှိ စစ်ကောင်စီတပ်၏ ကောင်ရာတပ်စခန်းကို KIAစီးနင်းဖျက်ဆီး 
ဇူလိုင် 18, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်-မူဆယ် လမ်းမကြီးဘေးရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကောင်ရာတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ တပ်မ(၉၉)လက်အောက်ခံ ခလရ(၁၂၃)တပ်ရင်းတပ်ဖွဲ့၏ ကောင်ရာယာယီတပ်စခန်းကို KIAတပ်မဟာ(၆)၊ အမှတ်(၉)တပ်ရင်းက တိုက်ခိုက်စီးနင်း၍ စခန်းအား ဖျက်ဆီးနိုင်ခဲ့သည်ဟု KIAနှင့်နီးစပ်သူများထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများရှိပြီး စခန်းစွန့်ထွက်ပြေးသွားကြကာ နမ့်ဖက်ကာရှိ စစ်ကောင်စီ အမြောက်တပ်က ပစ်ကူသည့် လက်နက်ကြီးကျည် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ခိုမုန်းကျေးရွာကို ကျရောက်ကာ အရပ်သားနေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇူလိူင်လ (၁၆)ရက်နေ့ကလည်း အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် မူဆယ်ဘက်သို့ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာပို့ ယာဥ်လမ်းကြောင်းအတွက် လုံခြုံရေးယူရန်သွားပြီး ပြန်လာစဉ် KIAတပ်ဖွဲ့များက စောင့်ကာတိုက်ခိုက်ခဲ့သေးသည်။

တိုက်ခိုက်ခံရသဖြင့် နမ့်ဖက်ကာတပ်စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဘုရားကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency