တာလေမြို့ရှိ ခမရ (၃၁၆)စစ်တပ်ရှေ့တွင် လောင်းကစားပွဲများ စတင်

တာလေမြို့ရှိ ခမရ (၃၁၆)စစ်တပ်ရှေ့တွင် လောင်းကစားပွဲများ စတင်
အောက်တိုဘာ 14, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသကအတွင်း တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တြိဂံတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံတပ်ဖြစ်သည့် အမှတ် (၃၁၆)ခြေမြန်တပ်ရင်း၏ အရှေ့တည့်တည့်တွင် စစ်တပ်၏ နယ်လှည့်ဆက်ဆံရေးပွဲ အကြိုအဖြစ် လောင်းကစားဝိုင်းများကို ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့တွင် စတင်နေပြီဖြစ်ကြောင်း သိရသည်။

"တာလေ ၃၁၆ တပ်ရှေ့ မှာ အလောင်းကစားပွဲတွေ ဒီနေ့ ည စ လုပ်တယ်။ နယ်လှည့်ဆက်ဆံရေးပွဲ လာမယ်လို့ ကြားတယ်။ တပ်ရှေ့က နေရာမှာ လောင်းကစားဝိုင်းတွေကို ကြိုလုပ်တဲ့ သဘောပေါ့။ နယ်လှည့်ဆက်ဆံရေးအဖွဲ့ကတော့ တပ်ထဲမှာ လုပ်ပြီး လောင်းကစားဝိုင်းကတော့ တပ်ထဲ လုပ်ရင် အဆင်မပြေလို့ တပ်ရှေ့က နေရာမှာ လုပ်တာ"ဟု  အမည်မဖော်လိုသည့် တာလေမြို့နေ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

တာလေမြို့၏ အခြေခံပညာအထက်တန်းကျောင်း(တာလေ)နှင့် မနီးမဝေးတွင်လည်း ငါးမန်းဂိမ်းခုံဟု လူသိများသည့် လောင်းကစားဂိမ်းခုံများကိုလည်း   ဖွင့်လှစ်ခွင့်ပေးထားသည်ဟုလည်း သိရသည်။

"တာလေမြို့က ကျဉ်းကျဉ်းလေး ဆေးကြောင်တဲ့ လူငယ်တွေလည်းများတယ်။ မိဘတွေကို ရန်ရှာတာ၊ ထိန်းမရတာတွေအပြင် ဆေးဖြတ်ဖို့လည်း ခက်ခဲတယ်။ အေးချမ်းတဲ့ တာလေမြို့လေးမှာ အခုလို လောင်းကစားတွေ၊ဂိမ်းခုံတွေ မရှိစေချင်ဘူး။ သက်ဆိုင်ရာတွေကလည်း ငွေယူပြီး မသိသလို လုပ်နေတာမျိုးတွေ မဖြစ်စေချင်ဘူး။ ဒီမှာက တာချီလိတ်လိုပဲ လောင်းကစားနေရာတွေကနေ တဆင့် မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်တာတွေရှိနေတယ်။ လူငယ်တွေလည်း အဲ့လိုနဲ့ ဆေးစွဲနေကြတာများတယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

မြို့နယ်ခွဲအဆင့်ကနေ မြို့အဖြစ် ပြောင်းလဲထားသည့် တာလေမြို့တွင် တြိဂံတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၃၁၆)၊ ခမရ(၅၇၁)၊ ခမရ(၅၇၂) နှင့် အမတ(၃၈၈)တပ်တို့ရှိသည့်အပြင် စစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များလည်းရှိသည့် ဒေသဖြစ်ပြီး အများအားဖြင့် ရှမ်း၊ အာခါ နှင့် လားဟူတိုင်းရင်းသားများ အများဆုံး နေထိုင်သည့် ဒေသဖြစ်သည်။