မိုင်းပျဉ်းမြို့ရှိ ဗလီသို့ မိုင်းဖုန်းဆရာတော် ကြွရောက်

မိုင်းပျဉ်းမြို့ရှိ ဗလီသို့ မိုင်းဖုန်းဆရာတော် ကြွရောက်
အောက်တိုဘာ 14, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံခရိုင်အတွင်းရှိ မိုင်းပျဉ်းမြို့နယ်သို့ သာသနာပြုခရီး ကြွချီနေသည့် မိုင်းဖုန်းဆရာတော်သည် ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က မိုင်းပျဥ်းမြို့နယ် ၊ မိုင်းပုအွန်အုပ်စု ၊ ဝမ်ပျက်ရွာရှိ မတ်စ်ဂျိဒိ ရယှီဒီယဟ် ဂျာမိအ်ဗလီသို့ ကြွရောက်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် မတ်စ်ဂျိဒိ ရယှီဒီယဟ် ဂျာမိအ်ဗလီသို့ ကြွရောက်ပြီး ဗလီရှေ့ဆောင်ဆရာအား ဆုတောင်း ဒုအာပြုစေကာ ဗလီဝတ်ကျောင်းတော်၏ 

လိုအပ်သည့် နေရာသုံးစွဲရန်အတွက် အလှူငွေ ကျပ်(၁၀)သိန်း၊  ဗလီရှေ့ဆောင်ဆရာအတွက် ( ၅၀၃၀၀၀ )ကျပ်၊ ဗလီ နာယက ဟာဂျီဦးပီစိုင်းနှင့်ဇနီးအား ကျပ်(၂)သိန်း၊ ဗလီဝတ်ကျောင်းတော်ဝင်းအတွင်း ရောက်ရှိလာ​သည့် အစ္စလာမ်ဘာသာဝင် မိသားစုများအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀)စီ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် အဆိုပါ ဗလီသို့ ယခုမှ ကြွရောက်ခြင်းမဟုတ်ဘဲ လွန်ခဲ့သည့် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ကလည်း ကြွရောက်ခဲ့ဖူးပြီး ဗလီမွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ဖူးကြောင်း သိရသည်။

#TachileikNewsAgency  

Photo:  မိုင်းပုအွန်ဗလီ ရှေ့ဆောင်ဆရာ