PDF ခေါင်းဆောင် အမျိုးသမီးဟု စွတ်စွဲကာ ဖမ်းခံထားရသည့် မသဲစုနိုင် စစ်ကြောရေးတွင် ခြေတစ်ဖက်ကျိုးသွားပြီး ဆေးမကုပေးဘဲ ဆက်လက် စစ်ဆေးခံနေရ

 PDF ခေါင်းဆောင် အမျိုးသမီးဟု စွတ်စွဲကာ ဖမ်းခံထားရသည့် မသဲစုနိုင် စစ်ကြောရေးတွင် ခြေတစ်ဖက်ကျိုးသွားပြီး ဆေးမကုပေးဘဲ ဆက်လက် စစ်ဆေးခံနေရ
နိုဝင်ဘာ 30, 2021 | အခြားဒေသများ

PDF ခေါင်းဆောင် အမျိုးသမီးဟု စွတ်စွဲကာ ဖမ်းဆီးခံထားရသည့် မိတ္ထီလာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်သည် စစ်ကြောရေးတွင် ခြေတစ်ဖက်ကျိုးသွားသော်လည်း ဆေးကုသမှုမပေးဘဲ ဆက်လက် စစ်ကြောရေး ပြုလုပ်နေကြောင်း သိရသည်။

PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးတော့လည်း စစ်တာ။ ခရိုင် PDF ခေါင်းဆောင်ဆိုပြီး စွပ်စွဲနေတာ။

ဟု နီးစပ်သူက Tachileik News Agency သို့ ပြောသည်။

မသဲစုနိုင်အား  PDF ခေါင်းဆောင်ပိုင်း အမျိုးသမီးဟုစွတ်စွဲကာ မတရားဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး မသဲစုနိုင်မှာ စစ်ကြောရေးတွင် ခြေထောက်ကျိုးကာ ဆေးကုသခွင့် မရဘဲ  ဆေးပတ်တီးသာ စီးထားရပြီး ခြေထောက်ကျိုး ဒဏ်ရာနှင့်  တစ်ပတ်ကျော်သည်အထိ  စစ်ကြောရေး  ပြုလုပ်ခံနေရသည့်အတွက် ၎င်းအတွက် အထူးစိုးရိမ်ကြောင်း မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ - ဗကသများ အဖွဲ့ချုပ်က နိုဝင်ဘာလ(၃၀)ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။ 

 

မသဲစုနိုင်နှင့် ဖခင်ဖြစ်သူတို့ကို အာဏာသိမ်းအဖွဲ့က  ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ ည‌နေ (၅)နာရီအချိန်က  သေနတ်ပစ်ဖေါက် ခြိမ်းခြောက် ဖမ်းဆီးသွားပြီး ယနေ့ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ တပ်မ(၉၉)တွင်  ချုပ်နှောင်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်ကလည်း မသဲစုနိုင်၏ မိခင်ဖြစ်သူ ဒေါ်စောရီအား လာရောက်ဖမ်းဆီးသွားကြောင်း နှင့် မသဲစုနိုင်နှင့် ဆက်စပ်၍ ဖမ်းဆီးထားသူ (၅)ဦးအထိ ရှိနေပြီး (၂)ဦးမှာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသည့် ဆရာမ ဒေါ်သဲစုနိုင်သည် ၂၀၂၀ ခုနှစ်တွင် ပညာရေးဌာန၌ မူလတန်းပြအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်ထားသဖြင့် တိမ်းရှောင်နေရာမှ နေအိမ်သို့ပြန်လာစဉ် ဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်စပ်သတင်း

မိတ္ထီလာမှ CDM ဆရာမတစ်ဦး တိမ်းရှောင်နေရာမှ နေအိမ်ပြန်လာစဉ် အာဏာသိမ်းအဖွဲ့က ဖမ်းဆီးလိုက်ပြီး ဖခင်ဖြစ်သူကိုပါ ဖမ်းခေါ်သွား