တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံဖြင့် အမျိုးသမီးကြီးတစ်ဦး သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံဖြင့် အမျိုးသမီးကြီးတစ်ဦး သေဆုံး
စက်တင်ဘာ 20, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသည့် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့ အကူးပိုင်းအချိန်က သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေသည့် အသက်(၆၅)နှစ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးသည် Covid-19 ဖြင့် ဆေးဝါးကုသမှု ခံယူနေရင်း သေဆုံးသွားခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှု တကျော့ပြန်လည်တွေ့ရှိရသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင်ကျန်းမာရေးဌာနတို့က Covid-19 တွေ့ရှိကြောင်းကို သတင်းမထုတ်ပြန်ဘဲ သတင်းထိန်ချန်ထားသည်။

သေဆုံးသွားသူမှာ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း မယ်ဖုန်းလုံရွာက ဖြစ်ကြောင်း နှင့် သေဆုံးသူ၏ ရုပ်အလောင်းအား ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက တာချီလိတ်မြို့မသုဿန်ဟောင်းဖြစ်သည့် ကျောက်တောင်သုသာန်တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် တာချီလိတ်ဆေးရုံ၌ Covid-19 လူနာ အရေအတွက် မည်မျှရှိကြောင်းနှင့် ဒေသတွင်း Covid-19 ကူးစက်ခံရသူ မည်မျှရှိသည်ကို သတင်းထုတ်ပြန်ခြင်းမရှိ၍ မသိရသော်လည်း ပွင့်လင်းမြင်သာမှုရှိသည့် ကျိုင်းတုံမြို့တွင် (၁)လအတွင်း  တကျော့ပြန် Covid-19 ကူးစက်ခံရသူ (၅၀)ကျော်အထိ ရှိနေကြောင်း သိရသည်။

 

#TachileikNewsAgency

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း