မြိုင်တွင် တိုက်ပွဲများဖြစ်နေပြီး တော်လှန်ရေးရဲဘော် ၂ဦး ကျဆုံးကာ အရပ်သား ၂ ဦး သတ်ခံရ

မြိုင်တွင် တိုက်ပွဲများဖြစ်နေပြီး တော်လှန်ရေးရဲဘော် ၂ဦး ကျဆုံးကာ အရပ်သား ၂ ဦး သတ်ခံရ
စက်တင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က (၃)ရက်အတွင်း မြိုင်ပကဖ ရဲဘော်တစ်ဦးနှင့် ဒေသခံ (၂)ဦးကို ဖမ်းဆီးသတ်ဖြတ်သွားပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့ကစတင်ကာ အင်အား(၂၀၀)ဝန်းကျင်ဖြင့် မြိုင်မြို့တောင်ဘက် စက်မှု(၂)မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဝက်ပုတ်ရွာနှင့် မြို့စိုးရွာတောင်ဘက်တွင် ဒေသကာကွယ်ရေးတပ်များ ထောင်ထားသည့် တိုက်မိုင်း(၂)လုံး မိပြီးနောက် ဝါးကြီးတောကျေးရွာအနီးတွင် မြိုင်ပကဖမှ ရဲဘော်တစ်ဦးအား ပစ်ခတ်ဖမ်းဆီးကာ အနီးရှိတဲအတွင်း မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။ 

  

ထို့နောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြို့စိုးကျေးရွာသို့ ဝင်ရောက်လာရာ မြို့စိုးကျေးရွာမှ ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရပြီး မြို့စိုးရွာအတွင်းမှ ဒေသခံများ၏ ပစ္စည်းများယူဆောင်ခြင်းနှင့် ကြက်၊ ဝက်များကို ဖမ်းဆီးစားသောက်ခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း အနီးဝန်းကျင်များကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

စက်တင်ဘာလ (၁၅)ရက်နေ့တွင် မြို့စိုးကျေးရွာမှ ထွက်ခွာလာပြီး သက္ကယ်ကန်ရွာအနီး ဆယ်ဘောင်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်များက စစ်ရှောင်စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု သိရသည်။

ယင်းနေ့တွင်ပင် ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီး(၉)လုံးချ တိုက်ခိုက်ခဲ့ရာ သက္ကယ်ကန်ရွာအနီးသို့ ဆုတ်ခွာသွားကြပြီး ယင်းရွာအနီးတွင် ပေပါမိုင်းတစ်လုံးဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ညနေပိုင်းတွင် စစ်ကောင်စီတပ်များသည် သက္ကယ်ကန်ကျေးရွာမှ ဆားထုံးကြွယ်ကျေးရွာသို့ ထွက်ခွာလာရာ ဒေသကာကွယ်ရေးတပ်များက တိုက်မိုင်း(၃)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ (၁၆)ရက်နေ့တွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် မြိုင်မြို့မြောက်ဘက် ကန်ကြီးတောအနောက်ရွာသို့ စစ်ကြောင်းထိုးလာရာ ဖမ်းဆီးခေါ်ဆောင်လာသော အရပ်သား(၂)ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် လမ်းခုလတ်အရောက်တွင် ပခုက္ကူခရိုင် PDFတပ်ရင်း(၂)၊ (၆)၊ (၇)အပြင် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ(၄)ကြိမ် ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်များဘက်က ဒရုန်းဖြင့် ဗုံးသီး(၄၈)လုံးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့သည် ကန်ကြီးတောရွာတွင် နားနေစဥ် မြိုင်မြို့ဘက်မှ (၆၀)မမ၊ (၈၀)မမ များဖြင့် ပစ်ကူပေးသဖြင့် ဒေသကာကွယ်ရေးတပ်များဘက်ကလည်း ရော့ကတ်(၁၈)လုံးဝန်းကျင်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency